
၆.၇.၂၀၂၅
Written by Thiha
မနေ့က ဇူလိုင် ၅ ရက် ည ဆယ်နာရီအချိန်ခန့်က မွန်ပြည်နယ်၊ သထုံမြို့၊ မိုးကောင်းကျေးရွာအုပ်စု ကရင်လေးဆိပ်နဲ့ ဇရပ်ကျွန်းကြားရှိ ရန်ကုန်-မော်လမြိုင် အမြန်လမ်းမပေါ် မှာ တွဲကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတချို့ဆီကနေ သိရပါတယ်။

“မိုင်းထိပြီး ပေါက်ကွဲတာ။ လူမထိဘူး။ ကားက တော့ အရိုးပဲ ကျန်တယ်။ ဘယ်သူမှလည်း ထွက်မငြှိမ်းရဲကြဘူး” လို့ ဒေသခံတစ်ဦးက MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဘယ်အဖွဲ့က ပြုလုပ်တယ်ဆိုတာကို ထုတ်ပြန်ကြေညာတာ တစ်စုံတစ်ရာ မသိရှိရသေးပေမယ့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဆီထောက်ပို့သယ်ဆောင်ရေးလမ်းကြောင်း အသုံးပြုရာကို ဟန့်တားနိုင်ဖို့ မိုးကောင်းကျေးရွာ အုပ်စုအပိုင် နယ်မြေတချို့ရှိ ရထားလမ်း မကြာခဏ မိုင်းခွဲ ဖျက်စီးခံရတာ၊ ကားလမ်းရှိ တံတားချိုးဖြတ်ခံရတာ စတဲ့ ဖြစ်စဉ်တွေဟာ မိုးကောင်းတစ်ဝိုက်မှာ မကြာခဏ ကြုံတွေ့နေရတာ ဖြစ်ပြီး ဒီဒေသတစ်ဝိုက်ကိုတော့ KNU/KNLA နဲ့ PDF တွေ ကျက်စားနေတာဖြစ်ပါတယ်။
