◾ မုဒိမ်းမှူကျူးလွန်ရန်ကြိုးစားသူ ဗကသနှစ်ဦးက ဝန်ခံသော်လည်း ABSDF က ထိထိရောက်ရောက်အရေးမယူဘဲ ထုတ်ပယ်မှုသာ ပြု

၆. ၇. ၂၀၂၅
Written by Nay Moe
ဗကသကျောင်းသူအမျိုးသမီးတစ်ဦးအား မုဒိမ်းကျင့်ရန် အဓမ္မကြံစည်ကြိုးစားသည့် ဗကသရဲဘော်နှစ်ဦးကို ထုတ်ပယ်လိုက်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ABSDF) က ယခုထုတ်ပြန်သည်။
ဖြစ်စဥ်တွင် ABSDF မှ လက်နက်ကိုင်နှစ်ဦးဖြစ်သည့် မျိုးမောင်မောင်နှင့် မျိုးညီညီတို့ နှစ်ဦးသည် ၂၀၂၅ ခုနှစ်၊ ဇွန်လ ညတစ်ညတွင် ဗကသများအဖွဲ့ချုပ် အဖွဲ့ဝင်အမျိုးသမီးတစ်ဦးထံမှ လိင်ပိုင်းဆိုင်ရာ ရယူရန် အတင်းအဓမ္မကြိုးစားခဲ့ကြောင်း ဇူလိုင်လ ၄ ရက်နေ့ က ကြားသိရသည်ဟု ဆိုသည်။
ထို့အတွက် စစ်ဆေးမေးမြန်းရာတွင် ပထမဦးစွာ ကျူးလွန်သူနှစ်ဦးအနေနှင့် အမျိုးသမီးရဲဘော် တစ်ဦးတည်း နေထိုင်ရာနေရာသို့ ညဉ့်နက်ချိန်တွင် ရောက်လာခဲ့ပြီး အမျိုးသမီးရဲဘော်မှ အကြိမ်ကြိမ် ငြင်းဆိုခဲ့သည့်ကြားမှ ကျူးလွန်သူနှစ်ဦးက လိင်မှုကိစ္စရယူရန် အနုနည်းဖြင့်သော်လည်းကောင်း၊ အကြမ်းနည်းဖြင့် သော်လည်းကောင်း အကြိမ်ကြိမ် တောင်းဆို၊ ကြိုးစားခဲ့ကြောင်း သိရသည်။
ကျူးလွန်သူနှစ်ဦးအနေနှင့် လိင်မှုကိစ္စရယူရန် ရည်ရွယ်ချက်ဖြင့် အမျိုးသမီးရဲဘော်၏ နေရာသို့ ရောက်ရှိခဲ့ကြောင်း ဝန်ခံထားသော်လည်း ပြစ်မှုတစ်စုံလုံးကိုဖြစ်စေ၊ အစိတ်အပိုင်း အချို့ကိုဖြစ်စေ အကြိမ်ကြိမ် ငြင်းဆိုခဲ့သည်။ သို့ရာတွင် အမျိုးသမီး ရဲဘော်အနေဖြင့် အဆင်မပြေ၊ လက်မခံသည့်ကြားမှ လိင်ပိုင်းဆိုင်ရာ အဓမ္မရယူရန် အကြိမ်ကြိမ်ကြိုးစားခဲ့သည့် ကျူးလွန်မှုမှာ မှန်ကန်ကြောင်း ထင်ရှားသည်ဟု ABSDF က ဆိုသည်။
ဗကသများအဖွဲ့ချုပ်သည် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု မှန်သမျှကို အပြင်းအထန် ရှုတ်ချပြီး အမျိုးသမီးရဲဘော်များအတွက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံသည့် တော်လှန်ရေးရပ်ဝန်းတခု တည်ဆောက်နိုင်မှသာ အမျိုးသမီးထုလွတ်မြောက်ရေးကို အောင်မြင်စွာ ဖော်ဆောင်နိုင်မည်ဟု ယုံကြည်သဖြင့် မျိုးမောင်မောင်နှင့် မျိုးညီညီတို့ နှစ်ဦးအား ဗကသများအဖွဲ့ချုပ်မှ ပေးအပ်ထားသည့် တာဝန်အရပ်ရပ်အား ခြွင်းချက်မရှိ ပြန်လည်ရုပ်သိမ်းလိုက်ပြီး အဖွဲ့ဝင်အဖြစ်မှလည်း တရားဝင်ထုတ်ပယ်လိုက်သည်ဟု ABSDF က ဖော်ပြသည်။
မုဒိမ်းကျင့်ရန်ကြံစည်အားထုတ်မှုသည့် အဆိုးယုတ်ဆုံးရာဇဝတ်မှုဖြစ်ပြီး ထိုသို့ ဆိုးယုတ်သည့် ရာဇဝတ်မှုများအတွက် တရားဥပဒေစိုးမိုးသည့်ပြည်သူ့ရပ်ဝန်းတွင် ကျုးလွန်မှုအလိုက် အနည်းဆုံး ထောင်ငါးနှစ်မှ ဆယ်နှစ်အထိ ချမှတ်နိုင်သော်လည်း တောတွင်းရောက် လက်နက်ကိုင်များဖြစ်ပြီး တရားဥပဒေစိုးမိုးမှုမရှိသည့်အခြေအနေတွင်မူ ABSDF က မုဒိမ်းမှုကျူးလွန်ရန် ကြံစည်ကြိုးစား အားထုတ်သူနှစ်ဦးကို ABSDF မှ ထုတ်ပယ်ရုံသာ လုပ်ဆောင်ခြင်းဖြစ်သည်။ ယခုကာလအတွင်း တောခိုကာ လက်နက်ကိုင်ကြသော PDF များအကြားတွင် PDF အမျိုးသမီးများ မုဒိမ်းကျင့်ခံရ၊ လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရမှုများ ကြိမ်ဖန်များစွာ ထွက်ပေါ်လာနေသည်။
