
၆.၇.၂၀၂၅
Written by KL
ပဲခူးမြို့၊ ရွှေပန်းကျေးရွာတွင် လူနာလာမေးသည့် အမျိုးသားနှစ်ဦးက အိမ်ရှင်အမျိုးသမီးကို အဓမ္မပြုကျင့်မှု ဇူလိုင်လ ၄ ရက် ညပိုင်းက ဖြစ်ပွားခဲ့သဖြင့် တရားခံနှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး စစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။.
ဖြစ်စဥ်မှာ အိမ်အောက်ရှိ ကွပ်ပျစ်တွင် အိပ်ရာထဲလဲနေသော မိခင်ကို အသက် ၂၄ နှစ်အရွယ် အမျိုးသမီးက ခြင်ထောင်ထောင်ပေးနေစဥ် မိခင်နှင့် သိကျွမ်းသော လူငယ် အမျိုးသားနှစ်ဦးက ကူညီပေးမည်ဆိုကာ ရောက်လာပြီးနောက် အောင်ကိုလတ်ဆိုသူက အမျိုးသမီးငယ်၏ ခြေထောက် နှစ်ချောင်းကို မ,ကိုင်ပြီး မင်းခန့်ကျော်က လက်ဖြင့်ပါးစပ်ကို ပိတ်၍ နှစ်ဦးသားအဓမ္မပြုကျင့်ခဲ့ကြောင်း သိရသည်။
“ကောင်မလေးကို နှစ်ယောက်သား အိမ်အနောက်ဘက်မှာ အဓမ္မကျင့်ပြီး ထွက်ပြေးသွားတာ၊ကောင်မလေးက သူ့အမေကို ပြန်ပြောပြလို့ ရဲကိုတိုင်ကြားခဲ့တာ။ နောက်နေ့မှာပဲ နှစ်ယောက်လုံးကို ပြန်မိတယ်”ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။
ကျုးလွန်သူများဖြစ်သော မုက္ကလကျေးရွာနေ အသက် ၁၉ နှစ်အရွယ် အောင်ကိုလတ်(ခ) အသေးလေးနှင့် ရွှေပန်းကျေးရွာနေအသက် ၁၇ နှစ်အရွယ် မိုးစက်ဇင်ယော်(ခ) မင်းခန့်ကျော် (ခ)ဂျင်းကောင်တို့ကို ဇူလိုင်လ ၅ ရက် နံနက်ပိုင်းတွင် ဖမ်းမိခဲ့ပြီး ရဲတပ်ဖွဲ့က စစ်ဆေးလျက်ရှိကြောင်း သိရသည်။
