April 27, 2024

MT News
Written by Nay Aung

မြန်မာနိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးမှုနှုန်းသည်၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် ကုန်ဆုံးမည့် ဘဏ္ဍနှစ်အတွင်း မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်း ၃ ရာခိုင်နှုန်းအထိတိုးတက်လာဖွယ်ရှိနေသည်ဟု ကမ္ဘာဘဏ်၏ ယနေ့ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းက စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းကို အတားဆီးဖြစ်လျက်ရှိနေခြင်းကြောင့် မြန်မာစီးပွားရေး မရေမရာဖြစ်လျက်ရှိနေကြောင်း ကမ္ဘာဘဏ်က ဆိုသည်။ ထို့အတူ စီးပွားရေးလုပ်ငန်းအချို့ ခုခံနိုင်စွမ်းရှိနေသလို  အိမ်ထောင်စုများ၏ဝင်ငွေရရှိမှုလျော့နည်းသွားကြောင်း မကြာသေးမီကဖြစ်ခဲ့တဲ့အံအားသင့်ဖွယ်အဖြစ်အပျက်များက မြန်မာစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အားနည်းစေခဲ့ကြောင်းကမ္ဘာဘဏ်က ဖော်ပြထားသည်။

မြန်မာ့စီးပွားရေးသည် ပဋိပက္ခများ၏သက်ရောက်မှု၊ လျှပ်စစ်လိုအပ်ချက်၊ စည်းမျဉ်းစည်းကမ်းများ ပြောင်းလဲမှုများကို ဆက်လက်တွေ့ကြုံနေဆဲဖြစ်ပြီး လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ တစ်ဦးချင်းဂျီဒီပီသည် ၁၃ ရာခိုင်နှုန်းသာရှိနေကာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါမဖြစ်ပွားခင်အချိန်ကာလကနှုန်းထက် နှိုင်းယှဉ်လျှင်လျော့နည်းနေဆဲဖြစ်ကြောင်း ကမ္ဘာဘဏ်က ပြောသည်။

ကျပ်ငွေတန်ဖိုး ကျဆင်းခြင်း၊ ကမ္ဘာ့ကုန်ဈေးနှုန်းမြင့်တက်ခြင်း၊ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် အတားအဆီးများရှိနေခြင်းက သွင်းကုန်နှင့်ပတ်သက်သော ကုန်ကျစရိတ်တန်ဖိုးမြင့်တက်ခြင်းများကို ဖြစ်ပေါ်စေခဲ့သည့်အပြင် ငွေကြေးဖောင်းပွနှုန်းလည်းမြင့်တက်လာစေခဲ့ကြောင်း ကမ္ဘာ့ဘဏ်က ပြောသည်။

ကမ္ဘာ့ဘဏ်၏အဆိုအရ မြန်မာနိုင်ငံတွင် ၂၀၂၂ ခုနှစ် ဇူလိုင်လနှင့် သြဂုတ်လတွင် နိုင်ငံတဝှမ်းရှိအိမ်ထောင်စုအားလုံး၏ တစ်ဝက်ခန့်မှာ ဝင်ငွေလျော့နည်းမှုများဖြစ်ခဲ့ပြီး မိသားစုများ အစားအစာလျှော့စားရခြင်း၊ အစားအစာမဟုတ်သော လူကုန်သုံးပစ္စည်းများသုံးစွဲမှုလျှော့ချခြင်းတို့ကို လုပ်ဆောင်ခဲ့ရကြောင်း သိရသည်။

” ၂၀၂၂ ခုနှစ်အကုန်မှာ မြန်မာ့စီးပွားရေး အခြေအနေတွေက တိုးတက်မှုရှိခဲ့ပေမယ့် မကြာသေးမီက စီးပွားရေးအညွန်းကိန်းတွေမှာ အကောင်းအဆိုး ရောနေခဲ့တယ်။ မြန်မာနိုင်ငံမှာ ပဋိပက္ခများ ဆက်လက်ရှိနေသလို အကြမ်းဖက်မှုနဲ့ မလုံခြုံမှုတွေကို မိသားစုတွေခံစားနေရဆဲဖြစ်ပါတယ်။ စီးပွားရေးကဏ္ဍမှာ ပါဝင်လုပ်ကိုင်နေသူတွေနဲ့ လယ်သမားတွေဟာ ကုန်ကျစရိတ် မြင့်တက်ခြင်း နဲ့လုပ်ငန်းများနှောင့်နေးမှုတွေကို တွေ့ကြုံနေရတယ်။ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍတွေမှာ ကူညီထောက်ပံ့ပေးမှုတွေလည်း ကောင်းမွန်မှုမရှိခဲ့ဘူး။ အများပြည်သူဝန်ဆောင်မှုလုပ်ငန်းများကို ယုံကြည်မှု လျော့နည်းခြင်းတွေ တိုးမြင့်လာနေတယ်။ဒီပြဿနာတွေကမြန်မာနိုင်ငံအတွက် နှစ်ရှည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို အတားအဆီးတွေဖြစ်လာဖွယ်ရှိပါတယ်” ဟု ကမ္ဘာ့ဘဏ်၏ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတို့အတွက် ခန့်အပ်ထားသူ ဒါရိုက်တာတစ်ဦးက သုံးသပ်သည်။

ref- miragenews

Leave a Reply

Your email address will not be published. Required fields are marked *

Related News