April 27, 2024

၃၀. ၁. ၂၀၂၃
Written by Phyo Wei

ဒီတစ်ပတ်မှာ လူစိတ်အဝင်စားဆုံးက ဖေဖော်ဝါရီ ၁ ရက်မှာ ကာလုံအစိုးရသစ် ပေါ်လာမလား။ ကာလုံအစိုးရသစ်မှာ SAC ဥက္ကဋ္ဌက ဝန်ကြီးချုပ်အဖြစ်နဲ့ ဆက်တာဝန်ယူသွားမလား။ ကာလုံအစိုးရသစ်မှာ ဘယ်လိုမျိုး ဖွဲ့စည်းပုံတွေ ပြောင်းလဲမလဲ။ ကာလုံအစိုးရက ခြောက်လအတွင်းပြုလုပ်ပေးရမဲ့ ရွေးကောက်ပွဲအခင်းအကျင်းသစ်က အောင်မြင်နိုင်ပါ့မလားဆိုတာ ဖြစ်ပါတယ်။ အခြားတစ်ဖက်မှာလည်း ဒီရွေးကောက်ပွဲကို ဖျက်မယ်ဆိုတဲ့ NUG ရဲ့ ဗျုဟာက ဝန်ထမ်းတွေ၊ ရပ်ကျေးတွေ၊ သာမန်ပြည်သူတွေကို ပိုသတ်လာတာ၊ ရွေးကောက်ပွဲကော်မရှင်ရုံးတွေ၊ လ၀ကရုံးတွေ၊ နိုင်ငံပိုင်အဆောက်အအုံတွေကို ဖျက်ဆီးတိုက်ခိုက်တာကလွဲရင် ဘာတစ်ခုမှ လုပ်တတ်ပုံမရတဲ့ ခပ်ညံ့ညံ့ဗျူဟာကိုပဲ ဆက်တွေ့ရပြီး ဒီဗျူဟာက စစ်ရာဇဝတ်ကောင်ဖြစ်ရုံမှအပ ဘာမှ အကျိုးမရှိဘူးဆိုတာ တွေးတတ်ပုံမရတဲ့ဦးနှောက်တွေကိုပဲ မြင်ခဲ့ရတဲ့ ဒီရက်သတ္တပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ SAC ကို ကမ္ဘာက ဝိုင်းဝန်းကူညီနေပေမဲ့ SAC တစ်ဝက်တောင် ကူကယ်သူမရှိတဲ့ NUG အကြောင်း၊ အငြင်းပွားဖွယ်ရာ နိုင်ငံရေးပါတီမှတ်ပုံတင် ဥပဒေသစ် အကြောင်းနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ပြည်သူသေဆုံးမှုအများဆုံးနိုင်ငံစာရင်းမှာ ဒုတိယချိတ်တဲ့ မြန်မာနိုင်ငံအကြောင်းတွေကို တင်ပြချင်ပါတယ်။

ကူကယ်သူမဲ့ NUG

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကိုဝမ်းကွဲဒေါက်တာစိန်ဝင်းဦးဆောင်တဲ့ အဝေးရောက်ညွန့်ပေါင်းအစိုးရ NCGUB ဟာ မြန်မာအစိုးရအဖြစ် ကုလသမဂ္ဂ၊ အမေရိကန်နဲ့ အရှေ့တီမောတို့က အသိအမှတ်အပြုခံခဲ့ရပေမဲ့ NUG ကတော့ ဒီနေ့အထိ ဘယ်နိုင်ငံကမှ အသိအမှတ်အပြုမခံရသေးတဲ့အပြင် နယူးဇီလန်လို နွေဦးတော်လှန်ရေးကို ကနဦးထောက်ခံတဲ့နိုင်ငံမျိုးကတောင် အသိအမှတ်ပြုရေးကို ပယ်ချပြီး SAC နဲ့ပဲ ပြန်လည်ဆက်ဆံဖို့ ကြိုးစားနေပါတယ်။ ဒါ့အပြင်လည်း NUG ကို အမေရိကန်ကလွဲရင် ပြည်ပနိုင်ငံတွေက ကူညီတာ တစ်ကျပ်တစ်ပြားတောင် မရှိသေးပေမဲ့လည်း SAC ကိုတော့ ကုလသမဂ္ဂအပါအဝင် နိုင်ငံနဲ့ အဖွဲ့အစည်း ၆၀ ကျော်က ကူညီနေတယ်လို့ နစကကို တိုက်ခိုက်နေတဲ့ Justice For Myanmar က ဝန်ခံလာရပါတယ်။

ဒီအချက်ကတော့ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်ဟောင်း ရန်ဟီးလီတို့ရဲ့ မြန်မာ့အရေးအထူးအကြံပေးကောင်စီက ဖွင့်ချလာခဲ့တဲ့ အမေရိကန်အပါအဝင်နိုင်ငံပေါင်း ၁၃ နိုင်ငံက ကုမ္ပဏီ ၄၅ ခုအထက်ဟာ SAC အတွက် လက်နက်ရရှိရေးကူညီပေးနေတယ်လို့ ဖွင့်ချအပြီးမှာ NUG ကို အလဲထိုးတဲ့ ကြေညာချက်ဖြစ်ပြီး SAC အတွက် လက်နက်နဲ့ ငွေကြေး၊ နိုင်ငံတကာမှာ လူဝင်ဆန့်ရေး အကူအညီပေးနေတဲ့ နိုင်ငံတွေ၊ ကုမ္ပဏီတွေစာရင်းမှာ အမေရိကန်နိုင်ငံက ကုမ္ပဏီတွေ ပါဝင်နေတဲ့အပြင် တရုတ်၊ ရုရှား၊ ဂျပန်၊ အိန္ဒိယ၊ သြစတြေးလျနဲ့ နော်ဝေတို့လည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။ တစ်ကမ္ဘာလုံးက ထောက်ခံပါတယ်ဆိုတဲ့ NUG အနေနဲ့ SAC ကို နိုင်ငံတကာက ဝိုင်းပြီးကူညီနေတာဟာ သူတို့ဘာမှားခဲ့သလဲဆိုတာ လက်တင်စဉ်းစားပြီး အမှားတွေ ပြင်ရတော့မှာဖြစ်ပေမဲ့ နိုင်ငံရေးရေချိန်အရတော့ ဆေးမှီတော့မဲ့အခြေအနေမရှိပါဘူး။

အငြင်းပွားဖွယ်ရာ နိုင်ငံရေးပါတီမှတ်ပုံတင် ဥပဒေသစ်

နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေသစ်ဟာ ထွက်လာတဲ့နေ့ကတည်းက ပွဲဆူပါတယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီးအခြေပြုပါတီတွေကို ဦးစားပေးထားပြီး ညွန့်ပေါင်းပါတီတွေ ပေါ်လာရေးကို ဦးတည်တယ်ဆိုပေမဲ့ ပြည်ထောင်စုအဆင့်မှာ ပါတီဝင်တစ်သိန်းရှိဖို့၊ ရန်ပုံငွေသိန်း ၁၀၀၀ ဘဏ်စာရင်းပြဖို့၊ မြို့နယ် ၁၆၅ ခုမှာ ပါတီရုံးတွေဖွင့်ဖို့၊ ရွေးကောက်ပွဲတွေမှာ နေရာ ၆၀၀ လောက်ဝင်ပြိုင်ဖို့ဆိုတဲ့ အခြေအနေတွေက ပါတီအများစုအတွက် မလွယ်ကူဘဲ ဒီအချက်တွေနဲ့ ကိုက်ညီနိုင်တဲ့ ပါတီ ၄ ခုလောက်ပဲ ကျန်ရှိနေလို့ တော်တော်များများကတော့ နိုင်ငံရေးဘောင်ကျဉ်းသွားတယ်လို့ မှတ်ချက်ပြုရတဲ့အခြေအနေပါ။

အခြားတစ်ဖက်မှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တဲ့ပါတီတွေ၊ အကြမ်းဖက်အဖြစ်ကြေညာခံထားရတဲ့အဖွဲ့အစည်းတွေနဲ့ ပတ်သက်နေတဲ့ ပါတီတွေ၊ မတရားအသင်းနဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ပါတီတွေဟာ ပြန်လည်မှတ်ပုံတင်ရာမှာ ခွင့်ပြုချက်ရတော့မှာမဟုတ်သလို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံထားရတဲ့ NUG နဲ့ ဆက်နွှယ်နေတဲ့ NLD ပါတီအတွက် ပါတီဆက်လက်ရပ်တည်ရေး ရွေးချယ်မယ်ဆိုရင်လည်း NUG မှာပါဝင်ဖွဲစည်းခံထားရတဲ့ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တိုကို ပါတီက ထုတ်ပယ်ရမဲ့အခြေအနေပါ။ ဒါ့အပြင် CRPH နဲ့ NUG ကို ရောက်နေပြီး လက်ရှိပြည်တွင်းမှာ တရားဝင်ရပ်တည်လိုတဲ့ မြေပေါ်နိုင်ငံရေးသမား NLD ပါတီဝင်တွေကို ခြိမ်းခြောက်နေတဲ့ ဦးအောင်ကြည်ညွန့်ဦးဆောင်တဲ့ CRPH နဲ့ NUG က ပြည်ပြေးအကြမ်းဖက်သတ်မှတ်ခံ NLD ပါတီဝင်တွေကိုပါ ထုတ်ပယ်ပြီးမှ ပါတီသစ်အဖြစ်ပြန်လည် လျှောက်ထားရပါလိမ့်မယ်။

အဲဒီလိုမျိုး အကြမ်းဖက်အဖြစ် သတ်မှတ်ခံထားရတဲ့ CRPH နဲ့ NUG ဆီ ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ ဦးအောင်ကြည်ညွန့် ဦးဆောင်တဲ့ NLD ပါတီဝင်ဟောင်းတွေကို မရှင်းလင်းရဲလို ပြန်ပြီး မှတ်ပုံမတင်ဘူးဆိုရင်တော့ NLD ပါတီဟာ အလိုအလျောက် ပါတီအဖြစ်ကနေ ရပ်စဲသွားမှာဖြစ်ပြီး ပါတီအဖြစ် ပြန်လည်အသက်သွင်းဖို့ဆိုရင်တော့ ၂၀၂၄ လောက်မှာဖြစ်တည်လာမဲ့ PR သမ္မတ၊ PR လွှတ်တော်နဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ နိုင်ငံရေးအရ သနားငဲ့ညှာမှုကို ထိုင်စောင့်နေရတဲ့ အဆင့်ကို ရောက်သွားမဲ့အခြေအနေကိုလည်း တွေ့ရပြီးတော့ ဒီအချက်ဟာ မြေပေါ်ပါတီနိုင်ငံရေးပဲလုပ်လိုတဲ့ နစကရဲ့ အမိန့်တွေ၊ ဥပဒေတွေအောက်မှာ အေးချမ်းစွာနေထိုင်နေတဲ့ NLD ပါတီဝင်တွေနဲ့ မြေအောက်နိုင်ငံရေးလုပ်ပြီး ပြည်ပပြေးတိုက်ခိုက်တော်လှန်ရေးလုပ်တဲ့ NLD ပါတီဝင်တွေအကြား အကြီးအကျယ်အငြင်းပွားစရာဖြစ်လာမဲ့ အခြေအနေပါပဲ။

အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ပြည်သူသေဆုံးမှုအများဆုံးနိုင်ငံစာရင်းမှာ ဒုတိယချိတ်တဲ့ မြန်မာ

မကောင်းတဲ့အချက်ဆိုရင် အမြဲတမ်းဗိုလ်စွဲတတ်တဲ့ မြန်မာနိုင်ငံဟာ နိုင်ငံရေးအကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ပြည်သူသေဆုံးရတဲ့စာရင်းမှာလည်း ဒုတိယချိတ်ခဲ့ပြန်ပါတယ်။ Acleddata(The Armed Conflict Location & Event Data Project (ACLED)) အဖွဲ့ရဲ့ ၂၀၂၂ ခုနှစ် စစ်တမ်းတွေအရ မြန်မာနိုင်ငံမှာ ၂၀၂၂ ခုနှစ်အတွင်း နိုင်ငံရေးနဲ့ ဆက်နွှယ်ပြီးဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှု ၉,၃၀၀ အထိဖြစ်ပွားခဲ့သလို အနည်းဆုံး လူပေါင်း ၁၉,၀၀၀ ကျော် ထိခိုက်သေဆုံးခဲ့ရတယ်လို့ဆိုပါတယ်။

ACLED အဖွဲ့ရဲ့ ဖော်ပြချက်အရ ၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာတဝှမ်း နိုင်ငံရေး အကြမ်းဖက်မှုအများဆုံးနိုင်ငံတွေရဲ့ ထိပ်ဆုံး ၅ နိုင်ငံမှာ ယူကရိန်း၊ ဆီးရီးယား၊ မြန်မာ၊ ဘရာဇီး၊ မက္ကဆီကို နိုင်ငံတို့ဖြစ်တဲ့အပြင် နိုင်ငံရေးအကြမ်းဖက်မှုနဲ့ ဆက်နွယ်ပြီး ထိခိုက်သေဆုံးမှုအများဆုံး ၅ နိုင်ငံမှာတော့ ယူကရိန်းက ပြည်သူ ၂၈,၀၀၀ ကျော် သေဆုံးမှုနဲ့ ပထမနေရာမှာရှိနေပြီး မြန်မာနိုင်ငံက ၂၀၂၂ ခုနှစ်အတွင်း ပြည်သူ ၁၉,၀၀၀ ကျော် သေဆုံးမှုနဲ့ ဒုတိယချိတ်ပါတယ်။ ဒါ့အပြင် နိုင်ဂျီးရီးယားက ၁၀,၆၀၀ ကျော် ၊ မက္ကဆီကိုက ၇,၇၀၀ ကျော် ၊ ယီမင်က ၆,၇၀၀ ကျော် ပြည်သူသေဆုံးမှုတွေနဲ့ နိုင်ငံရေးအကြမ်းဖက်မှုကြောင့် ပြည်သူသေဆုံးမှုအမြင့်ဆုံးနိုင်ငံတွေအဖြစ် အစဉ်လိုက်ရပ်တည်နေပါတယ်။

ဒီလိုမျိုး နိုင်ငံရေးအကြမ်းဖက်တိုက်ခိုက်မှုတွေကို ဘယ်သူက ပိုလုပ်နေသလဲဆိုရင်တော့ နွေဦးတော်လှန်ရေး စတင်ချိန်ကစပြီး နှစ်နှစ်အတွင်း SAC နဲ့ ဆက်နွှယ်နေတဲ့ လခရ ၂၅,၀၀၀ ကျော် သတ်ဖြတ်ထားပြီးပြီလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဝန်ခံချက်အရဆိုရင် NUG က ပိုမိုတိုက်ခိုက်သတ်ဖြတ်နေတာတွေ့ရပြီး ဒီလိုမျိုး NUG သတ်ဖြတ်ထားတဲ့ လူ ၂၅,၀၀၀ ကျော်အနက် ၂၀၂၂ နိုဝင်ဘာ ၃၀ အထိ သေဆုံးခဲ့ရတဲ့ အပြစ်မဲ့ပြည်သူ ၄၅၄၃ ဦးဟာ ရဟန်း၊ သံဃာတွေ၊ ဝန်ထမ်းတွေ၊ ရပ်ကျေးတွေနဲ့ သာမန်ပြည်သူတွေသာ ဖြစ်တယ်လို့လည်း SAC ရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောကြားထားပါတယ်။ ဒီလိုပါပဲ ၂၀၂၁ ဖေဖော်ဝါရီကနေ ၂၀၂၃ ဇန်နဝါရီ ၂၃ ရက်အထိ SAC ကြောင့် ပြည်သူ ၂,၈၂၆ ဦး သေဆုံးထားတယ်လို့လည်း AAPP အဖွဲက ထုတ်ပြန်ထားပြီး ကိန်းဂဏန်းတွေအရတော့ NUG နဲ့ PDF က ပြည်သူကို သတ်ဖြတ်တာ ဆယ်ဆနီးပါး ပိုများနေတာကို တွေ့ရသလို နှစ်ဖက်စလုံးက နိုင်မယ်ထင်နေတဲ့ ဒီပွဲမှာ တကယ်ရှုံးနေတာကတော့ လက်နက်မဲ့တဲ့ အပြစ်မဲ့ပြည်သူနဲ့ နိုင်ငံပါပဲလို့ မှတ်ချက်ပြုရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *