
၂၄. ၆. ၂၀၂၅
Written by Phyo Wei
စစ်ပွဲတွေကြောင့် ကမ္ဘာ့ရေနံဈေးလှုပ်ခတ်လို့ ပြည်တွင်းစက်သုံးဆီဈေး မြင့်တက်မှုရှိပေမယ့်လည်း ဗဟိုဘဏ်က ဒေါ်လာထုတ်ရောင်းပေးတာနဲ့ တရားမဝင် လိုင်စင်မဲ့ကားတွေ လိုက်လံဖမ်းဆီးနေတာကြောင့် ဆီအသုံးပြုမှု လျော့ကျလို့ ဆီလိုအပ်ချက်နည်းနေတာနဲ့ စျေးဆွဲမတင်ရဲတာ မြင်ရလို့ စျေးတက်မှုက အခုနှစ်ဆန်းပိုင်းထက် ကျပ် ၁၅၀ ခန့် လျော့နည်းလျက်ရှိနေသလို ကြိုတင်မှာယူထားတဲ့ ဆီသင်္ဘောတွေလည်း အဆက်မပြတ် ဝင်ရောက်နေတယ်လို့ အသိပေးလာတဲ့ ဖြစ်စဉ်တွေနဲ့ စစ်ရေးတင်းမာမှုပဋိပက္ခများလာတဲ့ ကမ္ဘာမှာ လောင်စာဆီဟာ အဓိက ဓားစာခံဖြစ်နေပြီး မကြာခဏ စျေးဆွဲတင်ခံနေရတာနဲ့ မြန်မာနိုင်ငံလို နိုင်ငံရေးအရ ပိတ်ဆို့ခံနေရတဲ့နိုင်ငံအဖို့ လောင်စာဆီအသုံးလျော့ကျဖို့ လုပ်ဆောင်လာတဲ့ EV ကားတွေမှာ တင်သွင်းသူတချို့က After Sales Service မပေးနိုင်တာ၊ EV ကုမ္ပဏီတွေ ဒေဝါလီခံရတာကို အရင်းတည်လို့ EV စျေးကွက်ပျက်အောင် လုပ်ဆောင်လာတာကိုလည်း တွေ့မြင်ရပါတယ်။
အခြားတစ်ဖက်မှာဆိုရင်လည်း ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်က ထိုင်းနိုင်ငံအတွင်း မူးယစ်ဆေးဖြန့်နေတဲ့ “ဝ”လက်နက်ကိုင် UWSA ကို မြန်မာ၊ လာအိုအစိုးရတို့နဲ့ ပူးပေါင်းနှိမ်နင်းမယ်လို့ ကမ္ဘာသိထုတ်ပြောခဲ့တဲ့ဖြစ်စဥ်နောက်ပိုင်းမှာ ဖမ်းမိတဲ့ မူးယစ်ဆေးတွေဟာ ပင်မထုတ်လုပ်ရာ ရှမ်းမြောက်စျေးလို မဟုတ်တော့ဘဲ တစ်ဆင့်သယ်ယူလာရာ ရန်ကုန်လိုနေရာမှာတောင် တစ်ပြား ကျပ် ၁၀၀၀ ပဲ တွက်ရတော့တဲ့အထိ အလွန်အကျွံ ပေါပေါများများဖမ်းမိထားတာ တွေ့ရပါတယ်။ ဒီလို ဖမ်းမိလာမှုတွေရဲ့ နောက်ကွယ်မှာ နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ်ကစ မူးယစ်ဆေးထုတ်လုပ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အချို့က လက်နက်ကိုင်တိုက်ပွဲတွေဆင်နွှဲဖို့ မူးယစ်ဆေး အလွန်အကျွံထုတ်လာလို့ ၂၀၂၁ ခုနှစ်ရှေ့ပိုင်းက စိတ်ကြွရူးသွပ်ဆေးပြားတစ်ပြား ငါးဒေါ်လာခန့်ရှိနေရာက အခုနောက်ပိုင်း တစ်ဒေါ်လာ မူးယစ်ဆေးငါးပြားခန့်ရတဲ့အထိ အလွန်အကျွံ ထုတ်လုပ်လာခဲ့တာကို မီးမောင်းထိုးပြတဲ့ဖြစ်စဉ်တွေအဖြစ် မြင်ရသလို တီကျစ် ကျောက်မီးသွေးဓာတ်အားပေးစက်ရုံရဲ့ ကျောက်မီးသွေးအခြောက်ခံစက်ကို စက်တင်ဘာလမှာ အပြီးတည်ဆောက်မှာဖြစ်ပြီး ပြီးစီးရင် မဂ္ဂါဝပ် ၃၀ တိုးမြှင့်ထုတ်လုပ်နိုင်မယ်ဆိုတာ၊ ILO ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး နိုင်ငံတကာအဖွဲ့အစည်းနဲ့ လုပ်ငန်းရှင်တွေထံ မြန်မာနိုင်ငံက အလုပ်ရှင်/အလုပ်သမား၊ စီးပွားရေးလုပ်ငန်းတွေ ပြည်သူတွေ အသက်မွေးဝမ်းကြောင်းကို ထိခိုက်မှုမဖြစ်စေဖို့အပါအဝင် တိုက်တွန်းချက် ၄ ချက် UMFCCI ထုတ်ပြန်လာတာ၊ ဒလတံတားစီမံကိန်းလုပ်ငန်းအားလုံး ဒီဇင်ဘာလကုန်မှာ ပြီးစီးနိုင်ရေး ဆောင်ရွက်နေတယ်ဆိုတာတွေ ဖြစ်ပေါ်ခဲ့ပေမယ့် ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ကိုတော့ အစိုးရစျေးထက် သိန်း ၂၀ ကျော် မြင့်တက်နေတဲ့ ပြင်ပရွှေစျေးအကြောင်း၊ ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေးချုပ်ဆိုတဲ့ ရုရှား-မြန်မာအကြောင်းနဲ့ လျှောက်ထားနိုင်ပြီဖြစ်တဲ့ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းတွေ အကြောင်း သုံးသပ်ချင်ပါတယ်။
◾ အစိုးရစျေးထက် သိန်း ၂၀ ကျော် မြင့်တက်နေတဲ့ ပြင်ပရွှေစျေး
နိုင်ငံတော်အဆင့်ဖွဲ့စည်းထားတဲ့ ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီက ရွှေရည်ညွှန်းဈေးကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၆ ရက်က စတင်သတ်မှတ်ပေးခဲ့ပြီး ရွှေသိပ်ဆည်းဆ ၁၉ ဒသမ ၂၅ နဲ့ အထက်ရှိတဲ့ စံချိန်မီရွှေတစ်ကျပ်သား (၁၆ ဒသမ ၃၂၉၃၂၅ ဂရမ်) ကို ကျပ် ၅,၃၃၀,၀၀၀ ကျပ်နဲ့ စတင် သတ်မှတ်ပေးခဲ့ပေမဲ့ စျေးကွက်ထဲမှာတော့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ နှုန်းထက် ကျပ် ၇၈၀,၀၀၀ ပိုများခဲ့တာကို တွေ့ရှိခဲ့ရပြီး အခေါက်ရွှေတစ်ကျပ်သား ကျပ် ၆,၁၁၀,၀၀၀ အထိ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီတစ်ပတ်အတွင်းမှာလည်း ဇွန်လ ၁၆ ရက်ကနေ ဒီနေ့အထိ အစိုးရရည်ညွှန်းရွှေဈေးနှုန်း ကျပ် ၅၉ သိန်းသာရှိပေမဲ့ ပြင်ပဈေးကွက်မှာ ၁၆ ပဲရည် (အခေါက်ရွှေ) တစ်ကျပ်သား ကျပ်သိန်း ၈၀ ကျော် ဖြစ်ပေါ်ခဲ့ပြီး ပြင်ပရွှေဈေးနှုန်းက အစိုးရ ရည်ညွှန်းရွှေဈေးနှုန်းထက် ကျပ် သိန်း ၂၀ ကျော် မြင့်တက်နေတာကို တွေ့ရှိခဲ့ရပါတယ်။
ရွှေရောင်းဝယ်မှုကို အရေးကြီးဝန်ဆောင်မှုလို့ မနှစ်က အောက်တိုဘာ ၂၅ ရက်မှာ စတင် သတ်မှတ်ပြီး ဒီဇင်ဘာလကစ ရွှေကော်မတီက စျေးသတ်မှတ်ပေးချိန် ပြင်ပစျေးက ဖြစ်သင့်တဲ့စျေးထက် ကျပ် ၈ သိန်းလောက်များခဲ့တာကို မထိန်းနိုင်တဲ့အကျိုးဆက်အဖြစ် ဒီကာလမှာတော့ ပြင်ပစျေးက ဖြစ်သင့်တဲ့ရည်ညွှန်းစျေးထက် သိန်း ၂၀ ကျော် များလာနေပြီး ရွှေစျေးမတည်မငြိမ် ဆက်ဖြစ်နေတာက ပိုဆိုးရွားလာတာ တွေ့ရပါတယ်။ တာဝန်ရှိသူတွေက လေပတ်ကား ရွှေရောင်းဝယ်သူတွေကို သုံးကြိမ်ခေါ်ယူစစ်ဆေးထားပြီး ပထမဆုံးစစ်ဆေးခဲ့သူတွေကို တရားရုံးတင် အရေးယူထားတယ်ဆိုပေမဲ့ ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီဟာ ရွှေစျေးမတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေသူတွေကို ဒါ့ထက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ဖို့လိုအပ်နေပြီဖြစ်ပြီး စနစ်တကျ ကြပ်မတ် ထိန်းကျောင်းမှု မလုပ်နိုင်ရင်တော့ လာမယ့်ခြောက်လမှာ ရွှေတစ်ကျပ်သားရဲ့ ပြင်ပပေါက်စျေးက အစိုးရစျေးထက် သိန်း ၄၀ လောက် ပိုများသွားမယ့်သဘောမှာ ရှိနေပါတယ်။
◾ ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေးချုပ်ဆိုတဲ့ ရုရှား-မြန်မာ
SAC အစိုးရလက်ထက်မှာ ရုရှားနဲ့ မြန်မာနိုင်ငံကြား အပြန်အလှန်ဆက်သွယ်မှုတွေဟာ အရင်ကလို စစ်ရေးကဏ္ဍတစ်ခုတင်မဟုတ်ဘဲ နျူကလီးယားစွမ်းအင်အပါအဝင် ပညာရေး၊ စီးပွားရေး စတဲ့ ကဏ္ဍအသီးသီးမှာပါ တိုးချဲ့လာနေတာကို မြင်နေရတာပါ။ အခြားတစ်ဖက်မှာလည်း ရုရှားနဲ့ မြန်မာအကြား အပြန်အလှန်ကုန်သွယ်မှုကလည်း တိုးတက်လာနေတာကို မြင်ရပြီး Russia Briefing သတင်းဌာနက ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့ ရေးသားချက်အရ ၂၀၂၀-၂၀၂၁ ခုနှစ်က နှစ်နိုင်ငံအပြန်အလှန် ကုန်သွယ်မှုဟာ အမေရိကန်ဒေါ်လာ ၁၅ ဒဿမ ၇ သန်းပဲရှိခဲ့ရာကနေ ၂၀၂၃ ခုနှစ်မှာ အမေရိကန် ဒေါ်လာ သန်းလေးရာအထိ တိုးလာလို့ ကုန်သွယ်မှု ၂၅ ဆကျော် တက်လာခဲ့တာလည်း တွေ့ရပါတယ်။
ဒါပေမဲ့လည်း ရုရှားနဲ့ မြန်မာအကြားမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အသစ်ဝင်ရောက်တာကတော့ လက်ရှိအချိန်အထိ ဟုတ္တိပတ္တိ တိုးတက်မလာဘဲ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ စာရင်းအရ ရုရှားစီးပွားရေးလုပ်ငန်းနှစ်ခုကပဲ ဒေါ်လာ ၉၄ သန်းသာမြှုပ်နှံထားလို့ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုရဲ့ သုည ဒသမ ၁၀ ရာခိုင်နှုန်းပဲရှိနေတဲ့အပြင် ပိုဆိုးတာက အဲဒီမြှုပ်နှံမှုနှစ်ခုကလည်း ၂၀၁၂ ခုနှစ်ရှေ့ပိုင်းက မြှုပ်နှံမှုဖြစ်နေတာပါ။ ရုရှားဟာလည်း မြန်မာနိုင်ငံလိုပဲ ယူကရိန်းနဲ့ စစ်ပွဲဆင်နွှဲနေရတာကြောင့် စီးပွားရေးဘက်ကို အစိုးရက မလှည့်နိုင်ရင်တောင်မှ ရုရှားလုပ်ငန်းရှင်တွေ စိတ်ဝင်စားလာအောင် ဘယ်လိုဆွဲဆောင်မလဲဆိုတဲ့ ရင်းနှီးမြှုပ်နှံမှုအခင်းအကျင်းသစ်ကိုတော့ ချပြနိုင်ဖို့ လိုအပ်မှာဖြစ်ပြီး ဒီလိုအပ်ချက်ရဲ့ ပထမအဆင့်လို့ပြောရမယ့် စစ်ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ လာမြှုပ်နှံရမယ့် ရုရှားလုပ်ငန်းရှင်တွေအဖို့ အာမခံချက်တစ်ခုအဖြစ် ရုရှား-မြန်မာအကြား ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနဲ့ အကာအကွယ်ပေးရေး သဘောတူစာချုပ်ကို ဒီတစ်ပတ်မှာ လက်မှတ်ရေးထိုးလိုက်ပြီလို့ သိရပါတယ်။
ဒီသဘောတူစာချုပ်ဟာ သယ်ယူပို့ဆောင်ရေး၊ အခြေခံအဆောက်အအုံ၊ သတ္တထုတ်လုပ်မှု၊ စိုက်ပျိုးရေးနဲ့ ဆက်သွယ်ရေးတို့လို အလားအလာရှိတဲ့ နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်မှုအတွက် အခြေအနေကောင်းများစွာ ဖန်တီးပေးမှာဖြစ်သလို ဒီနှစ်ဆန်းပိုင်းက လက်မှတ်ရေးထိုးခဲ့တဲ့ နှစ်နိုင်ငံအကြား ထားဝယ်စီးပွားရေးဇုန်မှာ ဆိပ်ကမ်းနဲ့ ရေနံချက်စက်ရုံ တည်ဆောက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ မတ်လအတွင်းက နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံမှာ အသေးစားနျူကလီးယားစက်ရုံ တည်ဆောက်ဖို့ သဘောတူညီချက်တွေကို ပံ့ပိုးပေးနိုင်မယ့်စာချုပ်လို့လည်း နားလည်ရပါတယ်။ ပိုပြီးနားလည်မိတာကတော့ ကမ်းလွန်ရေနံလုပ်ကွက်တွေနဲ့ သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်ထုတ်လုပ်မှုတွေမှာ ရုရှားနိုင်ငံပါဝင်စေချင်တဲ့ မြန်မာနိုင်ငံရဲ့ဆန္ဒကိုဖြစ်ပြီး အမြန်ဆုံးအကောင်အထည်ဖော်စေချင်မိတာကတော့ ဒီမိုကရေအစိုးရလက်ထက်မှာ စတင်နိုင်ဖို့ခက်ခဲမယ့် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို လက်ရှိကာလမှာ အမြန်ဆုံးစနိုင်ဖို့ပါပဲ။
◾ လျှောက်ထားနိုင်ပြီဖြစ်တဲ့ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုလုပ်ငန်း
ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်လိုတဲ့ ကုမ္ပဏီတွေအနေနဲ့ ပုဂ္ဂလိကလုံခြုံရေး ဝန်ဆောင်မှုလိုင်စင်ကို သက်ဆိုင်ရာ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု ကြီးကြပ်ကွပ်ကဲရေးကော်မတီဆီ လျှောက်ထားနိုင်ပြီဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ ကြီးကြပ်ကွပ်ကဲရေးဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၅) မှာ ပြောကြားလာသလို ကိုယ်ပိုင်လုပ်ငန်းနဲ့ လုပ်ငန်းခွဲတွေမှာ လုံခြုံရေးဝန်ထမ်း ၁၀ ဦးအထက် ခန့်ထားလိုတဲ့ လုပ်ငန်းရှင်တွေကလည်း ခွင့်ပြုမိန့်ကို သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု ကြီးကြပ်ကွပ်ကဲရေးကော်မတီထံ လျှောက်ထားရမယ်လို့ ပြောကြားလာပါတယ်။
ဖေဖော်ဝါရီ ၁၈ ရက် ရက်စွဲနဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တဲ့ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေမှာ အခန်း (၁၃) ခန်း၊ ပုဒ်မ ၅၅ ခု ပြဌာန်းထားပြီး ဒီဥပဒေအရပဲပုဂ္ဂလိကလုံခြုံရေးဝန်ထမ်းတွေ အနေနဲ့ လက်နက်ခဲယမ်း ကိုင်ဆောင်ခွင့် ရလာမှာဖြစ်ပေမဲ့ သတ်မှတ် တားမြစ်ချက် မလိုက်နာဘူးဆိုရင် အမြင့်ဆုံးထောင်ဒဏ် ၃ နှစ်နဲ့ အများဆုံးငွေဒဏ် ကျပ်သိန်း ၃၀၀၀ အထိ ပြစ်ဒဏ်ချနိုင်မှာဖြစ်ပါတယ်။ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေမှာ တာဝန်တွေပါသလို အခွင့်အရေးတွေလည်း ပါနေတာမြင်ရပြီး အထူးသဖြင့်တော့ အကြမ်းဖက်လက်နက်ကိုင်တွေအုပ်စုဘက်မှာ စိုးရိမ်ကြတာက နိုင်ငံခြားကုမ္ပဏီတွေကိုပါ လုပ်ကိုင်ခွင့်ပေးလိုက်တာ၊ လုံခြုံရေးဝန်ထမ်းတွေက လက်နက်ကိုင်ခွင့်ရလာတာနဲ့ ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်းဟာ ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်စဥ်မှာ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေတဲ့ သတင်းတစ်စုံတစ်ရာရရှိမှုကို အနီးဆုံးရဲစခန်း သတင်းပို့ရမယ်ဆိုတာကို ကြောက်ကြတယ်ဆိုတာ မြင်ရတာပါ။
အရင်တုန်းက ဘဏ်တွေ၊ ရွှေဆိုင်တွေကို ဓားပြတိုက်မှုဟာ တစ်နှစ်မှာ တစ်ခါ၊ နှစ်ခါလောက်သာ ကြားရတာဖြစ်ပြီး NUG နဲ့ PDF တွေလက်နက်ကိုင်လို့ မြန်မာနိုင်ငံမှာ လက်နက်ကိုင်အဖွဲ့ ၆၀၀ လောက်ဖြစ်လာပြီးနောက်မှာတော့ နေ့တိုင်းလိုလို ဓားပြတိုက်ခံရတာကိုလည်း တွေ့လာရပါတယ်။ ဒီအထဲမှာ ရန်ကုန်၊ မန္တလေးလိုမြို့ကြီးတွေမှာ ဖြစ်တဲ့ ဓားပြမှုတွေ ခဏခဏ ဖမ်းမိပေမဲ့ PDF ကြီးစိုးရာနယ်မြေတွေက ရွှေဆိုင်တွေ၊ ဘဏ်တွေ ဓားပြတိုက်ခံရမှုတွေကတော့ တရားခံမပေါ်သလို တရားခံပေါ်လာရင်လည်း NUG ရဲ့ ပသုံးလုံးလက်ချက်နဲ့ပဲ အစပျောက်သွားတာပါ။ ဒီလိုအစပျောက်တဲ့အထဲ မုံရွာက ပသုံးလုံးတွေက အဆိုးဆုံးလို့ ပြောရမှာဖြစ်ပြီး NUG ကာကွယ်ရေးအောက်က PDF တွေ ဓားပြတိုက်တာကို ဖမ်းပေးတာက NUG ပြည်ထဲရေးအောက်က ပလဖပါ။ ဒီမုံရွာပလဖတွေ ဖမ်းမိတဲ့ ကိုယ်ဝန်သည်မအေးငြိမ်းသူအမှု၊ သိန်းသောင်းချီလုယက်ခံရတဲ့ နဝရတ်ရွှေဆိုင်အမှု၊ ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ထဲ မုံရွာကစီးပွားရေးလုပ်ငန်းရှင် မမို့မို့စန်းကို သတ်ဖြတ်ပြီးကားလုမှု စတဲ့အမှုတွေက ကျူးလွန်သူ PDF တွေရော၊ အမှုဖြစ်စဥ်ရော၊ တိုက်ရာခိုးရာပါ ပစ္စည်းတွေရောဟာ မုံရွာပလဖလက်ထဲတင် စုပ်စမြုပ်စပျောက်ပြီး ပြည်သူက ဘာမှ မသိရတော့တာပါ။ ဒီလိုမျိုး ပသုံးလုံးတွေ ထင်ရာစိုင်းခံနေရတဲ့ ဒေသက၊ ဆက်ကြေးတောင်းငွှေညှစ်ခံနေရတဲ့ လုပ်ငန်းတွေအဖို့တော့ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေဟာ လိုအပ်ပါတယ်။ ဒါပေမဲ့လည်း ဒီလို လိုအပ်မှုနောက်မှာတော့ လက်နက်ကိုင်တဲ့ တရားဝင်လူမိုက်ဂိုဏ်းအသွင်မျိုးတွေ ဖြစ်မလာဖို့နဲ့ မြို့ပေါ်တင် ထင်တိုင်းကြဲပစ်ခတ်မှုတွေ ဖြစ်မလာဖို့တော့ ဥပဒေကြောင်းအရ အသေးစိတ်လုပ်သင့်တဲ့အချက်အလက်တွေနဲ့ ထိန်းချုပ်နိုင်ဖို့ လိုအပ်ပါမယ်ဆိုတာ သုံးသပ်မိရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက် ရပ်နားချင်ပါတယ်။
