
၂၄.၆.၂၀၂၅.
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ ပြုပြင်ပြောင်းလဲရေး လိုလားတဲ့ ကျောင်းသားများနဲ့ ပြည်သူများကွန်ရက်(NSPRT) မှ ဆန္ဒပြသမားတွေဟာ ဘန်ကောက်မြို့ရှိ အစိုးရရုံးအပြင်ဘက်မှာ ဇွန်လ ၂၄ ရက်က စုဝေးခဲ့ကြပြီး ဆန္ဒပြမှုတစ်ရပ် ပြုလုပ်ခဲ့ကြပါတယ်။ သူတို့က လူထုကြား ပေါက်ကြားလာခဲ့တဲ့ ဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာရဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းနဲ့ အထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်နဲ့ ဖုန်းဆက်သွယ်မှုမှာ ပြောကြားခဲ့မှုတွေကြောင့် ပေတုံတန်ကို ဝန်ကြီးချုပ်ရာထူးက နုတ်ထွက်ပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြပွဲမှာ ဝန်ကြီးချုပ်ကို ထိုင်းပြည်သူတွေက ဝေဖန်ပြောကြားချက်တွေရေးထားတဲ့ မီတာ ၁၀၀ ခန့်ရှည်တဲ့ စာတန်းကို အမှတ်သညာအနေနဲ့ အသုံးပြု ကိုင်ဆောင်ထားကြပါတယ်။ ဆန္ဒပြသမားတွေက ဘန်ကောက်မြို့၊ ဒူးဆစ်ရပ်ကွက်မှာရှိတဲ့ အစိုးရရုံး ပတ်ပတ်လည်ကို ချီတက်လာခဲ့ကြပြီး သူတို့ရဲ့ ရပ်တည်ချက်ကို အကြမ်းဖျင်း ဖော်ပြထားတဲ့ တရားဝင်ကြေညာချက်ကို ဖတ်ခဲ့ကြပါတယ်။

ဆန္ဒပြခေါင်းဆောင်ပီချစ်ချိုင်းမွန်ကိုလ်က ဝန်ကြီးချုပ်ပေတုံတန်ဟာ ထိုင်းနဲ့ ကမ္ဘောဒီးယား အကြားနယ်စပ် အငြင်းပွားမှုတွေဖြစ်နေတဲ့ ခုလိုအချိန်မှာ ထိုင်းနိုင်ငံရဲအချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ဖို့ ပျက်ကွက်တယ်လို့ စွပ်စွဲခဲ့ကြပြီး ဆန္ဒပြသမားတွေအနေနဲ့ ဝန်ကြီးချုပ်ကို ရာထူးမှနုတ်ထွက်ဖို့ တောင်းဆိုခဲ့ကြပါတယ်။သူက ပေါက်ကြားလာတဲ့ ဖုန်းပြောမှုအသံဖိုင်အရ အမျိုးသားအကျိုးစီးပွားကို ဦးစားပေးတဲ့ ပြောဆိုချက်တွေလုံးဝမပါဘဲ နယ်စပ်ပဋိပက္ခကို ပိုလို့မြင့်တက်စေနိုင်တဲ့ အမျိုးသားလုံခြုံ ရေးကို ထိခိုက်စေမှုတွေကိုသာပြောခဲ့တယ်လို့ ဆိုခဲ့ပါတယ်။
ပီချစ်က “ဒါကခေါင်းဆောင်မှုအရည်အချင်းမရှိတာ၊ တာဝန်ယူမှုအားနည်းတာနဲ့ အမျိုးသားအကျပ်အတည်း အခြေအနေမှာ ဆန်းစစ်ဝေဖန်နိုင်မှုမရှိတာတွေကို ပြနေတာပဲ။ အခုဆို အလွှာပေါင်းစုံက ပြည်သူတွေက ဝန်ကြီးချုပ်ကို ရာထူးကနုတ်ထွက်ဖို့ တောင်းဆိုနေကြပြီ” လို့ ပြောခဲ့ပါသေးတယ်။
ဒါ့ပြင် ဝန်ကြီးချုပ်ပေတုံတန်ကို ကျင့်ဝတ်ဖောက်ဖျက်မှု အမှုကိစ္စအတွက် စုံစမ်းစစ်ဆေးရန် အမျိုးသား အဂတိလိုက်စားမှုဆန့် ကျင်ရေးကော်မရှင်ရဲ့ မကြာမီက ဆုံးဖြတ်ချက်ကိုလည်း လက်ခံသွားဖို့ ပြောခဲ့ပါသေးတယ်။

ဆန္ဒပြသမားတွေက သူတို့ရဲ့ ဆန္ဒပြပွဲ စာတန်းကို ဝန်ကြီးချုပ်နဲ့ အစိုးရကိုဆက်သွယ်ပြောကြားဖို့နည်းလမ်းတစ်ခုအဖြစ် အသုံးပြုတာဖြစ်ပြီးအစိုးရအနေနဲ့ သူတို့လိုလားမှုကို ရှင်းလင်းစွာ သိမြင်စေရန်လို့ ဆိုခဲ့ပါတယ်။
မြို့တော်ရဲတပ်ဖွဲ့ ရဲမှူးချုပ် ဆီယမ် ဘွန်ဆွမ်က ဆန္ဒပြနေရာသို့ရောက်လာခဲ့ပြီး ဆန္ဒပြမှုက အေးချမ်းကာ ဥပဒေနဲ့အညီဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ အစိုးရရုံးပတ်ပတ်လည်မှာ ရဲတပ်ခွဲသုံးခွဲ ကိုလည်း လုံခြုံရေးအရ ချထားပါတယ်။
Ref -Nation Thailand
