
၂၄.၆.၂၀၂၅
Written by Hey Mar
မွေးစားမိဘတွေ နှိပ်စက်မုဒိမ်းကျင့်လို့ ချူခြာ ဘဝပျက်ကာ သေဆုံးသွားရရှာတဲ့ ပဲခူးရိုးမ တောင်ပေါ်ဒေသက အသက် ငါးနှစ်အရွယ် မီးငယ်လို့ နာမည်လွှဲတပ်ထားတဲ့ သမီးငယ်ရဲ့ အမှုကို လာမယ့် ဇွန်လ ၂၇ ရက်နေ့မှာ အပြီးသတ်စီရင်ချက် အုတ်တွင်းခရိုင်တရားရုံးက ချမှတ်မှာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ သမီးငယ်လေးက လွန်ခဲ့တဲ့ ခြောက်လခန့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့ မနက် နာရီခွဲက တောင်ငူဆေးရုံကြီးမှာ ကျောက်ကပ်ဝေဒနာနဲ့ ဆုံးပါးသွားခဲ့ပြီ ဖြစ်ပါတယ်။ သမီးငယ် ဆုံးပါးခဲ့ပေမယ့် သမီးငယ်ရဲ့ အမှုကို အမှန်အတိုင်းဖြစ်စေရေး လိုက်ပါဆောင်ရွက်ကြသူတွေက ဆက်လက်ကြိုးပမ်းပေးကြလို့ အမှုစတင် စွဲဆိုပြီး ၉ လခန့်အကြာမှာ အခုလို အပြီးသတ်စီရင်ချက် ချမှတ်နိုင်တော့မှာလည်း ဖြစ်ပါတယ်။

မီးငယ်ဟာ မွေးစားမိဘတွေရဲ့ နှိပ်စက်မှုကို ခံစားခဲ့ရတဲ့ အတွက် မြင်သာတဲ့ ပြင်ပဒဏ်ရာတွေ အပြင် မကြာခဏလည်း ချူချူခြာလွန်းတာကြောင့် ဆေးရုံတက်ရသူပါ။ မုဒိမ်းကျင့်နှိပ်စက်မှုဒဏ်ကြောင့် ကိုယ်အင်္ဂါချို့တဲ့ပျက်စီးရတဲ့အပြင်စိတ်ဒဏ်ရာနဲ့ ကိုယ်တွင်းထိခိုက်ဒဏ်ရာတွေပါ ခံစားနေရတယ်လို့လည်း မီးငယ်ကို ကူညီဆောင်ရွက်ပေးနေသူ ကိုကျော်သူရက ဆေးစစ်ချက်မှတ်တမ်းတွေကို ကိုးကားပြီး ပြောပါတယ်။ သမီးငယ်က နှိပ်စက်ခံထားရတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေအဖြစ် အသည်း ကျောက်ကပ်နဲ့ အဆုတ် ထိခိုက်ဒဏ်တွေရရှိထားပါတယ်။
ကိုကျော်သူရက ” အမှုကတော့ အရင် ၃၇၆ ၊ ၃၄/ ၁၁၄ တွေအပြင် ထပ်တိုးပုဒ်မတွေ ရှိသေးတယ်လို့ သိထားတယ်။ စီရင်ချက်ချတဲ့နေမှပဲ သေချာ သိရတော့မယ်” လို့ MT News ကို ပြောပါတယ်။

အမှုကို ကြားနာနေဆဲမှာ သေဆုံးသွားရတဲ့ ကျူးလွန်ခံရသူ သမီးငယ်ရဲ့ မျက်မြင်တွေ့ရှိထားတဲ့ ပြင်ပဒဏ်ရာတွေနဲ့ ကလေးရဲ့ ထွက်ဆိုပြောပြချက်တွေအရ မွေးစားအဖေက အိမ်မှာတစ်ခါ တောထဲမှာတစ်ခါ သက်ငယ်မုဒိမ်း ပြုကျင့်ကြောင်း၊ ထမင်းခိုးစားလို့ဆိုကာ မျက်နှာကိုဓားနဲ့ ခုတ်ကြောင်း၊ ပါးစပ်ထဲကို ရေနွေးပူလောင်းထည့်ကြောင်း၊ လက်ကို မီးနဲ့ ရှို့ကြောင်း၊ ထမင်းအငတ်ထားကြောင်း၊ မျက်နှာကိုလက်သီးနဲ့ထိုးတာကြောင့် သွားတွေကျိုးပြီး သွားဖုံးတွေကွဲသွားကြောင်း စသဖြင့် ပြောပြပြီး မြင်သာတဲ့ ဒဏ်ရာတွေအပါအဝင် ကလေးမှာ ဒဏ်ရာအမြောက်အများ ရရှိထားတာကို တွေ့မြင်ရတာပါ။

မီးငယ်ရဲ့အမှုကို အုတ်တွင်းရဲစခန်းက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၆ ရက်နေ့က အမှုဖွင့်လှစ် စုံစမ်းစစ်ဆေးခဲ့ပြီး ကျူးလွန်သူ မွေးစားမိဘနှစ်ဦးကို ချက်ချင်းဖမ်းဆီးချုပ်နှောင်ခဲ့ကာ ကနဦးစွဲဆိုထားတဲ့ ရာဇသတ်ကြီး ပုဒ်မ ၃၄/၁၁၄ ၊ ပုဒ်မ ၃၇၆ အပြင် လက်နက်မပါ ပြင်းထန်ဒဏ်ရာရစေမှု ၃၂၅၊ လက်နက်ပါဝင်တဲ့ ပြင်းထန်ဒဏ်ရာရစေမှု ၃၂၆ စတဲ့ အမှုတွေပါ ထပ်တိုးပုဒ်မ အနေနဲ့ စွဲဆိုထားပြီး အုတ်တွင်းခရိုင်တရားရုံးက လက်ခံကြားနာနေတာလည်း ဖြစ်ပါတယ်။
