◾️ ယခုဘဏ္ဍာနှစ် နှစ်လခွဲကျော်တွင် စက်သုံးဆီအတွက် ဒေါ်လာသန်း ၂၇၀ ကျော်အထိ ထုတ်ရောင်း
၁၉. ၆. ၂၀၂၅
Written by Nyein Kyaw
ဗဟိုဘဏ်အနေဖြင့် စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၃၃ သန်း ထပ်မံရောင်းချပေးမည်ဖြစ်၍ ယခုဘဏ္ဍာနှစ် နှစ်လကျော်အတွင်း ဒေါ်လာသန်း ၂၇၀ ကျော်အထိ ထုတ်ရောင်းပေးထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် နိုင်ငံခြားငွေများ ထုတ်ရောင်းပေးခဲ့ရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အစ ဧပြီလတွင် သုံးကြိမ်ထုတ်ရောင်းပေးခဲ့မှု စုစုပေါင်းဒေါ်လာ ၉၃ သန်း၊ မေလတွင် သုံးကြိမ်ထုတ်ရောင်းပေးမှု စုစုပေါင်းဒေါ်လာ ၈၆ သန်းနှင့် ထိုင်းဘတ်သန်း ၂၀ ထုတ်ရောင်းပေးခဲ့သည်။
ယခုဇွန်လတွင်လည်း ယခုထုတ်ရောင်းပေးသည့် ဒေါ်လာ ၃၃ သန်းအပါအဝင် သုံးကြိမ်ထုတ်ရောင်းပေးခဲ့မှု စုစုပေါင်းဒေါ်လာ ၉၅ သန်း ထုတ်ရောင်းပေးထား၍ ယခုဘဏ္ဍာနှစ် နှစ်လခွဲကျော်တွင် ဒေါ်လာ ၂၇၄ သန်းနှင့် ထိုင်းဘတ်သန်း ၂၀၀ အထိ ထုတ်ရောင်းပေးထားသည်။
စက်သုံးဆီလုပ်ငန်းရှင်များအတွက် နိုင်ငံခြားငွေများ သီးသန့်ထုတ်ရောင်းပေးနေမှုအပြင် CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် ဒေါ်လာများကိုလည်း ဇွန်လ ၁၀ ရက်၊ ၁၁ ရက်နှင့် ၁၂ ရက်တွင်လည်း ရောင်းချပေးခဲ့ပြီး အဆိုပါ သုံးရက်အတွင်း စုစုပေါင်း ဒေါ်လာ ၃ ဒသမ ၁၃ သန်း ရောင်းချပေးထားသည်။
ယင်းကဲ့သို့ စက်သုံးဆီလုပ်ငန်းများအတွက် နိုင်ငံခြားငွေ ထုတ်ရောင်းပေးခဲ့မှုကြောင့် ပြီးခဲ့သည့် ဘဏ္ဍာနှစ်အကုန် နှစ်သစ်ကူးသင်္ကြန်ကာလမတိုင်မီထက် ယခုဇွန်လဆန်းပိုင်းတွင် စက်သုံးဆီ အမျိုးအစားအပေါ် မူတည်ကာ တစ်လီတာကို ကျပ် ၂၀၀ မှ ၂၅၀ အထိ ကျဆင်းခဲ့သည်။ သို့သော် ယခုဇွန်လ ၁၂ ရက်မှစတင်ပြီး စက်သုံးဆီဈေးနှုန်းများ အနည်းငယ်ပြန်မြင့်တက်လာခဲ့သည်။
ပြည်တွင်းစက်သုံးဆီဈေးကွက်၌ ဓာတ်ဆီ ၉၂ တစ်လီတာ ၂၈၅၀ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၂၉၁၅ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂၄၁၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၂၉၉၀ ကျပ်ရှိကြောင်း ပြည်တွင်းစက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။
