၁၉.၆.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ထရန့်က သူ့အနေနဲ့ အီရန်နိုင်ငံကိုတိုက်ခိုက်ဖို့ အစီအစဉ်တွေကို အတည်ပြုခဲ့ပြီးပြီလို့ သူ့ရဲ့လက်ထောက်တွေကို ပြောခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် နောက်ဆုံးအမိန့်မပေးခင် အီရန်အနေနဲ့ သူ့ရဲ့နျူကလီးယားအစီအစဉ်ကိုစွန့်လွှတ်မလားဆိုတာ ထရန့်က စောင့်ကြည့်နေတယ်လို့ သိရတယ်ဆိုတာ ဆွေးနွေးချက်တွေနဲ့နီးစပ်တဲ့ အတင်းအရင်းအမြစ်သုံးခုက Wall Street Journal ကို ပြောခဲ့တယ်လို့ သိရပါတယ်။
အီရန်အစိုးရအရာရှိတွေက အစ္စရေးနဲ့ အပစ်အခတ်ရပ်စဲဖို့ညှိနှိုင်းဆွေးနွေးရေးကို ထရန့်နဲ့ ပြုလုပ်သွားဖို့ လက်ခံခဲ့ကြပေမယ့် သမ္မတထရန့်အနေနဲ့ အီရန်ရဲ့နျူကလီးယားအစီအစဉ်ကို ပိုပြီးအလေးထားဖို့ လိုလားနေတယ်လို့ New York Times သတင်းစာကလည်း ဖော်ပြခဲ့ပါတယ်။
ထရန့်က အီရန်ကို အကြွင်းမဲ့လက်နက်ချဖို့အတွက်လည်း ထပ်ခါထပ်ခါတောင်းဆိုခဲ့တာပါ။ ဇွန်လ ၁၈ ရက်မှာတော့ ထရန့် က အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတစ်ရပ်အတွက် စီစဉ်ခဲ့တယ်လို့လည်းသတင်းတွေကဆိုပါတယ်။
သမ္မတထရန့်ဘက်ကဆွေးနွေးပွဲတွေမှာ အီရန်ရဲ့ နျူကလီးယားအစီအစဉ်အပေါ် အလေးထားဆွေးနွေး ဖို့လိုလားနေပေမယ့် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကတော့ အီရန်က အစ္စရေးနဲ့ အပစ်အခတ်ရပ်စဲရေးဆွေးနွေးဖို့အသင့်ပဲလို့ ဆိုကြပါတယ်။ သူတို့က “အီရန်အနေနဲ့ အစ္စရေးနဲ့ အပစ်အခတ်ရပ်စဲရေးဆွေးနွေးဖို့အသင့်ပဲ၊ ဒါပေမယ့် အစ္စရေးဘက်က တိုက်ခိုက်မှုတွေ အကုန်ရပ်ပေးရမယ်” လို့ ပြောခဲ့ကြပါတယ်။
ဇွန်လ ၁၈ ရက်မှာတော့ အီရန်နိုင်ငံအကြီးအကဲ ခါမေနီက ထရန့်ရဲ့ အကြွင်းမဲ့လက်နက်ချဖို့တောင်းဆိုချက်ကို ငြင်းပယ်ခဲ့တာပါ။ သူက အမေရိကန်အနေနဲ့ အီရန်ကိုတိုက်ခိုက်ခဲ့မယ်ဆိုရင် အစားထိုး ပြင်ဆင်လို့မရနိုင်တဲ့ ဆုံးရှုံးမှုတွေကြုံရမယ်လို့ ပြန်လည်သတိပေးခဲ့ပါသေးတယ်။ အီရန်ပြည်သူတွေကတော့ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မြို့တော်တီဟီရန်ကနေ ထွက်ပြေးနေကြတဲ့ ယာဉ်တန်းကြီးတွေကို အဝေးပြေးလမ်းတွေပေါ်မှာ တွေ့နေရပါတယ်။
ဇွန်လ ၁၈ ရက် ညနေပိုင်းမှာတော့ ရုရှားသမ္မတ ပူတင်က သူ့အနေနဲ့ အစ္စရေးနဲ့အီရန်အကြား အပစ်အခတ်ရပ်စဲရေးရနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒေသအတွင်းပဋိပက္ခကို ရပ်တန့်စေဖို့ ရုရှားရဲ့ အကြံပြု ချက်တွေကို ပေးပို့ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။
သမ္မတပူတင်က အီရန်ရဲ့မြေအောက်ယူရေနီယမ်သန့်စင်ရေးစက်ရုံတွေက ထိခိုက်ပျက်စီးမှုမရှိသေးဘူးလို့လည်း ဆိုခဲ့ပါတယ်။ အီရန်ရဲ့ နျူကလီးယားစက်ရုံတွေမှာ အလုပ်လုပ်နေသူ ရုရှားနိုင်ငံသား ၂၅၀ ဦးခန့် ရှိတယ်လို့ ခန့်မှန်းရပြီး ပူတင်က သူတို့တွေရဲ့လုံခြုံရေးအတွက် အစ္စရေးတာဝန်ရှိသူတွေနဲ့ဆွေးနွေးပြောကြားခဲ့တယ်လို့ သိရပါတယ်။
Ref- Jerusalem Post
