
၁၈.၆.၂၀၂၅
Written by Hey Mar
ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့က ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ကျောင်းထိုင်ဘုန်းကြီးက ဒါယိကာမကိုသတ်တဲ့ အမှုဖြစ်စဉ် ဒီနေ့ ဇွန်လ ၁၈ ရက်နေ့မှာ လှည်းကူးခရိုင်တရားရုံးဆီကို ရဲလုပ်ငန်းဆောင်ရွက်မှုတွေ လုပ်ဆောင်ပြီး တင်ပို့ကာ တရားခံကို အင်းစိန်ထောင်ဆီ ပို့လိုက်ပြီဖြစ်တယ်လို့ သေဆုံးသူရဲ့ မိသားစု အသိုင်းအဝိုင်းထံကနေ သိရပါတယ်။

တရားရုံးတင်ပို့ရာမှာလည်း ရဲလုပ်ငန်းစဉ်တွေ ပြီးစီးလို့ စတင် တရားစွဲဆိုတာလား၊ ဒါမှမဟုတ် အမှုဖြစ်ပွားချိန်ကနေ လက်ရှိအချိန်အရ ရဲလုပ်ငန်းစဉ် မပြီးပြတ်သေးပေမယ့် ချုပ်နှောင်ခွင့် ရီမန်ကြီး နှစ်ပတ်ပြည့်လို့ တရားရုံးတင်ပို့လိုက်တာလားဆိုတာကိုတော့ MT News က သက်ဆိုင်ရာကနေ စုံစမ်းမေးမြန်းခွင့် အကန့်အသတ်ရှိနေတာကြောင့် အတိအကျ မသိရှိရပေမယ့် လာမယ့် ဇူလိုင်လ ၂ ရက်နေ့မှာတော့ တရားခံကို ပြန်လည်ရုံးထုတ်မှာ ဖြစ်တယ်လို့လည်း သိရှိရပါတယ်။

အဆိုပါ အမှုဖြစ်စဉ်က ဒါယိကာမဟာ ရက်ရက်စက်စက် ဓားမနဲ့ အချက်ပေါင်းများစွာ ခုတ်သတ်ခံရတာဖြစ်ပြီး ဘုန်းကြီးက မုဒိမ်းကျင့်ဖို့ကြံစည်တာ မအောင်မြင်လို့ သတ်တယ်ဆိုတဲ့ ကနဦးစွပ်စွဲချက်လည်းရှိနေတာကြောင့် ဘုန်းကြီးကလည်း မုဒိမ်းကျင့်ဖို့ ကြံစည်တာ မဟုတ်ကြောင်း ဖောက်ပြန်နေတာ ဖြစ်ကြောင်း အလီဘိုင်တွေ ပြထားတယ်လို့လည်း သိရှိရတာပါ။

တရားလို မိသားစုနဲ့ နီးစပ်သူက “ဘုန်းကြီးကို အခုက ပုဒ်မ ၃၀၂ တပ်ထားတယ်လို့ပဲ သိရတယ်။ ၃၀၂ နောက်မှာလည်း ဘာမှ ကပ်မထားဘူး။ အခု တရားခံဘက်က ဖောက်ပြန်တဲ့ အလီဘိုင်တွေ ပြထားတယ်လို့ ပြောတယ်။ ကျွန်တော်တို့ဘက်က သူ အဲ့ဒီလို ထုတ်ပြရင် ပုဒ်မတွေ ထပ်တပ်ပြီး စွဲလို့ရတာတွေတောင်ရှိတယ်။ အဓိက က သေသူရဲ့ ဂုဏ်သိက္ခာကြောင့် မဟုတ်မမှန် ဖောက်ပြန်တယ်ဆိုတာမျိုး တရားလိုဘက်က အဖြစ်မခံနိုင်တာပါ” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။

အဆိုပါ အမှုဖြစ်စဉ်ဟာ လူစိတ်ဝင်စားမှု များနေသလို ဘုန်းကြီးက ဒါယိကာမကို ဘာလို့ သတ်တာလဲ ဆိုတဲ့ အဖြေလည်း စိတ်ဝင်တစားရှာဖွေနေကြတာပါ။ ကျူးလွန်သူဟာ ဗုဒ္ဓဘာသာတွေရဲ့ ကိုးကွယ်ဆည်းကပ်ရာ ဘုရားရှင်ရဲ့သားတော်၊ သာသနာကို ထိန်းသိမ်းစောင့်ရှောက်ရမယ့် ရဟန်းတစ်ပါးဖြစ်နေတာကြောင့်လည်း အဲဒီပုဂ္ဂိုလ် အခုလို ကျူးလွန်တာဟာ ဘာသာ သာသနာ ညှိုးနွမ်းစေတယ်ဆိုတဲ့ ပြစ်တင်ဝေဖန်မှုတွေရှိနေသလို သေဆုံးသူ ရဟန်းအမကိုလည်း ဘုန်းကြီးနဲ့ မာတုဂါမ နီးစပ်တဲ့ ဆက်ဆံရေးမှာ မနေသင့် မနေအပ်တာကို ပြုတယ်ဆိုပြီး နှစ်ဖက်စလုံးကို ပြစ်တင် ဝေဖန်နေကြတာပါ။ ဒါပေမယ့် သေဆုံးသူ ဒေါ်သီတာအောင်ရဲ့ ရုပ်အလောင်းမှာတော့ ရက်စက်စွာ ခုတ်ထစ်ခံထားရလို့ လက်နှစ်ဖက် ပြတ်လုပြတ်ခင် ဒဏ်ရာ၊ ကုတ်ပိုးမှာ ခုတ်ထစ်ခံထားရလို့ ခေါင်းပြတ်လုပြတ်ခင် ဒဏ်ရာ ညာဖက်ပါးရိုး ခုတ်ထစ်ခံရတဲ့ မချိမဆန့်ဒဏ်ရာတွေရရှိ သေဆုံးခဲ့ရတာလည်း ဖြစ်ပါတယ်။
