
၁၈.၆.၂၀၂၅
Written By Zun
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်တွင် အသံဗုံးပေါက်၍ အများသူငါ ထိတ်လန့်ခဲ့ကြကြောင်း မြို့ခံများက MT News ကို ပြောသည်။
ယနေ့ ဇွန်လ ၁၈ ရက် ည ၇ နာရီ မိနစ် ၂၀ ခန့်က ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး အသံကျယ်လောင်သည့်အတွက် ရပ်ကွက်နေသူများ ထိတ်လန့် စိုးရိမ်စိတ်များ ဖြစ်ပေါ်ခဲ့ကြရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ပေါက်ကွဲမှုမှာ သာကေတမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးအနီးတွင် ပေါက်ကွဲခဲ့ခြင်းဟုဆိုသလို သုမန လမ်းမကြီး တရားရုံးအနီးတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်းလည်း ဆိုကာ ဖြစ်စဉ် ဖြစ်ပွားပြီးနောက် သက်ဆိုင်ရာနယ်မြေလုံခြုံရေးအဖွဲ့များက လမ်းများပိတ်ဆို့ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
“ကျွန်မတို့က ၅ ရပ်ကွက် သိင်္ဂီ ၂ လမ်းမှာနေတာ၊အသံက အကျယ်ကြီးပဲ။ ကလေးတွေက လမ်းပေါ်မှာ ကစားနေကြတာ။ အပြေးအလွှား သွားခေါ်ရသေးတယ်။ ကျွန်မတို့က ကြောက်တယ်”ဟု အဆိုပါ လမ်းတွင် နေထိုင်သူတစ်ဦးက MT News ကို ပြောသည်။
ယင်းအသံဗုံးပေါက်ကွဲသံမှာ သာကေတမြို့နယ် ရပ်ကွက်အတော်များများက ကြားသိခဲ့ကြရကြောင်းလည်း မြို့ခံများက တညီတညွတ်တည်း ပြောသည်။
“သုမန လမ်းနားမှာပေါက်တာကို ၇ ရပ်ကွက် ၈ ရပ်ကွက်ထိ ကြားရတယ်။ အသံက ဟိန်း နေအောင်ကို မြည်ပြီး အိမ်တောင် တုန်သွားတယ်။အခုလို ညဘက်မှာ ဖောက်ခွဲရေးလုပ်တယ်ဆိုတာမျိုး သာကေတမှာ မဖြစ်တာကြာပြီ။ ဒါကြောင့် သက်ဆိုင်ရာအနေနဲ့ စစ်ဆေးတာတွေကို လုပ်ဆောင်ပေးစေလိုတယ်”ဟု အကြမ်းဖက်မှုကို မလိုလားသူတစ်ဦးက MT News ကို ပြောသည်။
NUG လက်ဝေခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များအနေဖြင့် လက်ရှိ ကျောင်းဖွင့်ချိန်ကာလတွင် အနာဂတ် ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများဆုံးရှုံးပြီး ပညာမဲ့လူတန်းစားများဖြစ်ပေါ် လာစေရန် ယုတ်မာရိုင်းစိုင်းသောရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာအဆောက်အအုံများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင် ဖောက်ခွဲ ဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများကို ဥပဒေမဲ့လုပ်ဆောင်လျက်ရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
