



၁၈.၆.၂၀၂၅
Written By Thandar
Indra Film Production က ထိတ်လန့်ခြောက်ခြားဖွယ် သရဲ ဇာတ်လမ်းပုံစံ သူတော် တစ္ဆေ ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကို ယနေ့ ဇွန်လ ၁၈ ရက် ညနေပိုင်းမှာ ရန်ကုန်မြို့ သမ္မတအဆင့်မြင့် ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
ဒီဇာတ်ကားပြသလို့ ရရှိလာတဲ့ အမြတ်ငွေ ၁၀၀ ရာခိုင်နှုန်းအားလုံးကို ငလျင်ဘေးပြန်လည်ထူထောင်ရေးအတွက် လှူဒါန်းသွားမှာလည်း ဖြစ်ပါတယ်။
“ဒီဇာတ်ကားကြီးမှာ အမပါဝင်တဲ့ ဇာတ်ရုပ်က ရည်းစားနဲ့ကွဲထားတဲ့ အပျိုကြီး အမရာမောင်ဆိုတဲ့ ကာရိုက်တာနဲ့ ပါဝင်ထားပါတယ်။ ပုဂံဘက်မှာ ရိုက်ကူးထားတဲ့ကားပါ။ တကယ့် သရဲခြောက်တဲ့ ကျောင်းအိုကြီးမှာ ရိုက်ကူးခဲ့တာပါ။ အခက်အခဲမျိုးစုံ ကြုံခဲ့ရတဲ့ ဇာတ်ကားမို့လည်း ခုရုံတင်တော့မှာမို့ စိတ်လည်းလှုပ်ရှားပါတယ်။ ရုံတင်ရရှိတဲ့ အမြတ်ငွေ ၁၀၀ ရာခိုင်နှုန်းကို ငလျင်ဘေးသင့်သူတွေအတွက် ပြန်လည်လှူဒါန်းသွားမှာပါ။ ဒီရုပ်ရှင်ကို လာကြည့်တဲ့သူတွေရဲ့ အလှူကို တစ်ဆင့်ခံပြီး လှူပေးသလို ဖြစ်သွားမှာပါ” လို့ သရုပ်ဆောင် မျိုးစန္ဒီကျော်က ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်ညွှန်း၊ စီစဉ်သူ အောင်ကြီး၊ ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်)က ပုဂံမြို့နယ်ဘက်က နှစ်ပေါင်းတစ်ရာကျော်ရှိတဲ့ဘုန်းကြီး ကျောင်းအိုကြီးမှာ ရိုက်ကူးပုံဖော်ထားတာလည်းဖြစ်ပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ အကယ်ဒမီထွန်းထွန်း၊ အကယ်ဒမီ ကျော်ရဲအောင်၊ အကယ်ဒမီ ချမ်းသာ ကြည်စိုး၊ ခင်လှိုင်၊ သုတအောင်၊ ရဲလွင်ဦး၊ ဘရမ်ဒိုလီ၊ ဥက္ကာကျော်၊ မျိုးစန္ဒီကျော်၊ အိမ့်ချစ်ချစ်၊ မှုန်နံ့သာကျော်ရဲအောင်၊ အေးသီတာ၊ ထက်လူ စတဲ့သူတွေ ပါဝင်ထားကြပါတယ်။
သူတော် တစ္ဆေ ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဇွန်လ ၂၀ ရက်နေ့မှာ မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာလည်း ဖြစ်ပါတယ်။
