သက်တံ့
၂၈. ၉. ၂၀၂၆
ထိုင်းနိုင်ငံတွင် စက်တင်ဘာလလယ်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် လူရှစ်ဦး သေဆုံးခဲ့ကြောင်း တနင်္လာနေ့တွင် အစိုးရက ပြောကြားခဲ့ပြီး မြို့တော်ဘန်ကောက်၌ စတုတ္ထမြောက်နေ့အဖြစ် ရေကြီးရေလျှံမှုများကို ရင်ဆိုင်နေရချိန်တွင် အိမ်နီးချင်းမြန်မာနိုင်ငံ၌လည်း အနည်းဆုံး ရှစ်ဦး သေဆုံးကြောင်း အတည်ပြုထားသည်။
ဘေးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် လျှော့ပါးသက်သာရေး ဦးစီးဌာန၏ အဆိုအရ ထိုင်းနိုင်ငံအတွင်း ထိခိုက်သေဆုံးမှုများမှာ စက်တင်ဘာ ၁၆ ရက်မှစ၍ အရှေ့ပိုင်းခရိုင် သုံးခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြို့တော်ဘန်ကောက်တွင်မူ သေဆုံးသူ မရှိသေးပေ။
ဒေသအတွင်း ပြင်းထန်သော ရာသီဥတုစနစ် ရောက်ရှိလာပြီးနောက် ထိုင်းနိုင်ငံ ခရိုင် ၂၇ ခုမှ အိမ်ထောင်စု ၅၀ဝ,၀ဝဝ ကျော်နှင့် ပြည်သူ ၁ ဒသမ ၇ သန်းခန့် ရေဘေးသင့်နေရကြောင်း သိရသည်။
ရေဘေးဒဏ် ပြင်းထန်စွာ ခံစားနေရသည့် ဘန်ကောက်မြို့တွင် ကျောင်းများကို ပိတ်ထားခဲ့ပြီး တတ်နိုင်သမျှ အိမ်မှပင် အလုပ်လုပ်ကြရန် အာဏာပိုင်များက တိုက်တွန်းထားရာ လမ်းများနှင့် အများပြည်သူ သွားလာရေး ကွန်ရက်များတွင် သွားလာသူ သိသိသာသာ လျော့နည်းသွားခဲ့သည်။
မြို့တော်အတွင်း ရေကြီးရေလျှံမှုများကြောင့် လူ ၈၀,၀ဝဝ ကျော်မှာ မိမိတို့ နေအိမ်များမှ အပြင်သို့ မထွက်နိုင်ဘဲ ဖြစ်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားသည်။
ဘန်ကောက်မြို့အရှေ့ပိုင်း ဘန်ကာပီ (Bang Kapi) ခရိုင်ရှိ ၎င်း၏ တိုက်ခန်းတွင် လျှပ်စစ်မီးနှင့် ရေများ ပြတ်တောက်သွားသဖြင့် ချစ်သူနှင့်အတူ ကြောင်နှစ်ကောင်ကို သယ်ဆောင်ကာ စွန့်ခွာခဲ့ရကြောင်း အသက် ၃၂ နှစ်အရွယ် နတ်တပွန် မန်းကင်း (Nattapon Mankean)က ပြောပြသည်။
“ဖုန်းဘက်ထရီတွေ ကုန်သွားတယ်၊ ရေပိုက်လိုင်းက ရေလည်း မတက်တော့ဘူး၊ အရာရာဟာ ခက်ခဲကုန်တာပဲ” ဟု ၎င်းက တနင်္ဂနွေနေ့ညဉ့်နက်ပိုင်းတွင် AFP သို့ ပြောသည်။ “အခြေအနေက တကယ် ဆိုးရွားလွန်းတယ်၊ ဘာမှ လုပ်လို့မရတော့လို့ ထွက်လာခဲ့ရတာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
နာရီ ၄၈ နာရီနီးပါး မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် အာဏာပိုင်များက စနေနေ့တွင် မြို့တော်တစ်ဝန်း ဘေးအန္တရာယ်ကျရောက်သည့် ဒေသအဖြစ် ကြေညာခဲ့ကာ တနင်္လာနေ့အထိ အချို့သော ဒေသခံများမှာ ပေါင်လယ်ခန့်အထိ ရေရှိသော လမ်းများကို ဖြတ်သန်းသွားလာနေကြရဆဲဖြစ်သည်။
ဘန်ကာပီခရိုင်တွင် ဒေသခံများသည် ရေခဲသေတ္တာများနှင့် ပလတ်စတစ်ဘူးများကို အသုံးပြု၍ အနီးရှိ ဈေးများနှင့် ကုန်စုံဆိုင်များမှ ရိက္ခာများကို သယ်ယူနေကြရသည်ကို တွေ့ရသည်။
◾️ မြန်မာနိုင်ငံအတွင်း သေဆုံးမှုများ
ထိုင်းနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုသည် အိမ်နီးချင်း မြန်မာနိုင်ငံကိုပါ ထိခိုက်ခဲ့ပြီး မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီးတွင် ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် အနည်းဆုံး လူရှစ်ဦး သေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေးသမားများက ပြောသည်။
“လောင်းလုံးမြို့နယ်မှာ ရုပ်အလောင်း ရှစ်လောင်း ရှာဖွေတွေ့ရှိထားပြီး လူ ၂၀ ကနေ ၃၀ ကြား ပျောက်ဆုံးနေပါတယ်” ဟု ဒေသတွင်း ပရဟိတအဖွဲ့တစ်ဖွဲ့မှ တာဝန်ရှိသူ ဟိန်းထက်က ဆိုသည်။
တွေ့ရှိရသည့် ရုပ်အလောင်းများအနက် သုံးလောင်းမှာ တနင်္ဂနွေနေ့က ဒေသတွင်း ဘုန်းတော်ကြီးကျောင်းတွင် စုဝေးနေစဉ် ရွာကို မြေပြိုမှု ဖြစ်ပွားကာ အဆောက်အအုံ ၁၈ ခု ပိတ်မိသွားစဉ် မျောပါသွားသည့် လူငယ်များဖြစ်ကြောင်း ၎င်းက ပြောသည်။
“မိုးဆက်ရွာနေတဲ့အတွက် အန္တရာယ်ဇုန်ထဲမှာ လူတွေနဲ့ ရွာတွေ ရှိနေပါသေးတယ်” ဟု ၎င်းက သတိပေးသည်။
မြန်မာနိုင်ငံ၏ ပြည်တွင်းနေရာအနှံ့စစ်ပွဲများကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများအတွက် သဘာဝဘေးအန္တရာယ်၏ ပမာဏအတိုင်းအတာကို ခန့်မှန်းရန် ခက်ခဲစေသည့်အပြင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကိုလည်း ပိုမိုရှုပ်ထွေးစေသည်။
“ရေကြီးတဲ့ ပမာဏအပြင် အရင်းအမြစ် နည်းပါးမှုကြောင့်လည်း ကျွန်တော်တို့ အခက်အခဲတွေ့နေရပါတယ်။ ဒါဟာ ပဋိပက္ခဖြစ်ပွားရာ ဧရိယာမှာ ဖြစ်ပွားတဲ့ သဘာဝဘေးအန္တရာယ်တစ်ခုပါပဲ” ဟု ဟိန်းထက် က ပြောသည်။
◾️ ရေကြီးမှု အခြေအနေက တစ်ပတ်ခန့် ကြာမြင့်နိုင်
စက်တင်ဘာလသည် ထိုင်းနိုင်ငံ၏ မိုးရာသီ အမြင့်ဆုံးအချိန်ဖြစ်သော်လည်း ယခုနှစ် ရေကြီးမှုမှာ ယခင်နှစ်များထက် ပိုမိုဆိုးရွားပုံရကြောင်း ဘန်ကောက်ဒေသခံ အများအပြားက ပြောကြသည်။
ဘန်ကောက်မြို့သည် ယခင် ရွှံ့နွံတောများပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး မြောင်းကွန်ရက်များ ယှက်နွယ်နေကာ မိုးရွာသွန်းမှုကြောင့် မြောင်းများစွာ ရေလျှံလျက်ရှိသည်။
ရေစုပ်စက်ရုံများသည် ရက်ပေါင်းများစွာ အပြည့်အဝ လည်ပတ်နေသော်လည်း ရေများ လုံးဝကျဆင်းသွားရန် “တစ်ပတ်ခန့် ကြာမြင့်နိုင်သည်” ဟု မြို့တော်ဝန် ချက်ချာတ် စစ်တီဖန်း (Chadchart Sittipunt) က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။
ဒေသခံ ထောင်ပေါင်းများစွာမှာ ယာယီခိုလှုံရေးစခန်းများသို့ ပြောင်းရွှေ့နေထိုင်နေကြရသည်။
တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲတွင် အစိုးရပြောရေးဆိုခွင့်ရှိသူ ဧကပေါ့ဖ် ပီယန်ပိဆစ် (Ekkapob Pianpises)က ရေများ ပြန်လည်ကျဆင်းနေပြီဖြစ်သော်လည်း “ဘန်ကောက်ရှိ အချို့နေရာများတွင် ရေအမှတ် မြင့်မားနေဆဲဖြစ်သည်” ဟု ပြောကြားခဲ့သည်။
“ကျွန်တော် အရမ်းလန့်သွားတာပဲ၊ အရာရာဟာ အကဲဆတ်လွန်းပြီး မြန်ဆန်လွန်းတယ်” ဟု တိုက်ခန်း ရေနစ်မြုပ်ခဲ့သည့် အငြိမ်းစား ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်သူ စမ်ရန် (Samran) က ပြောပြသည်။
“ကျွန်တော့်တိုက်ခန်းရဲ့ ကားပါကင် ရေမြုပ်သွားတယ်၊ ထိုင်းနိုင်ငံတစ်ဝှမ်း လူပေါင်း ရာနဲ့ချီ သေဆုံးခဲ့တဲ့ ၂၀၁၁ ခုနှစ် ရေကြီးတုန်းကတောင်မှ ရေမမြုပ်ခဲ့ဘူး” ဟု မိသားစုအမည်ကို မဖော်ပြရန် တောင်းဆိုထားသည့် ၎င်းက ပြောကြားသည်။
“သောက်ရေတော့ ရှိတယ်၊ ဒါပေမဲ့ အိမ်သာသုံးဖို့ ရေမရှိဘူး” ဟု ဒုတိယထပ်ရှိ ၎င်း၏ တိုက်ခန်းပြတင်းပေါက်မှတစ်ဆင့် ပုံးဖြင့် ရေဆွဲတင်သုံးနေရကြောင်း ၎င်းက ဆိုသည်။
ကျောက်မီးသွေးနှင့် လောင်စာဆီ ထုတ်လွှတ်မှုများကြောင့် ကမ္ဘာ့အပူချိန် မြင့်တက်လာသည်နှင့်အမျှ လွန်ကဲသော ရာသီဥတု ဖြစ်စဉ်များ၏ ပြင်းအားနှင့် အကြိမ်ရေများ ပိုမိုတိုးတက်လာမည်ဟု သိပ္ပံပညာရှင်များက သတိပေးထားသည်။
Ref: AFP Via Bangkok Post
