


သက်တံ့
၂၈. ၉. ၂၀၂၆
ထိုင်းနိုင်ငံတစ်ဝန်းနဲ့ မြို့တော် ဘန်ကောက်မှာ မိုးကြီးရေလျှံနေတဲ့ကြားက အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့ စိုင်းစိုင်းရဲ့A Night in Bangkok ဖျော်ဖြေပွဲမှာ မလာနိုင်သူတွေ လက်မှတ်သိမ်းထားဖို့နဲ့ ခြောက်လအတွင်း ပြန်လည်ကျင်းပချိန် ပြန်လည်အသုံးပြုနိုင်မယ်လို့ စိုင်းစိုင်းခမ်းလှိုင်က အသိပေးထားပါတယ်။
“မနေ့ညက ဘန်ကောက်ပွဲမှာ ပွဲမတိုင်ခင် ၂ ပတ်အလိုကတည်းက လက်မှတ်အားလုံး Sold Out ဖြစ်ပြီးခဲ့ပေမယ့် ဘန်ကောက်မိုးကြီး ရေကြီးတာနဲ့ တိုက်ဆိုင်သွားတဲ့အတွက် အခက်အခဲကြားမှ တင်ဆက်ခဲ့ရတဲ့ပွဲဖြစ်ပါတယ်။ ပွဲကိုတစ်ညနေခင်းအတွင်း ရုတ်တရက်ရွှေ့ဆိုင်းဖို့အတွက်ကလည်း အင်မတန်ခက်ပါတယ်။ အချို့ပရိသတ်တွေက နေ့ခင်းကတည်းက ရောက်ရှိနေပြီးသားဖြစ်နေပြီ။ လက်မှတ်ရောင်းထားတာလည်းဖြစ်တယ်။ တခြားနိုင်ငံက လာတဲ့သူတွေလည်းရှိတယ်။ တခြားမြို့ကနေ လာတဲ့သူတွေလည်းရှိတယ်။ ကျွန်တော်တို့အနေနဲ့လည်း လူ ဘယ်နှစ်ယောက်ပဲလာလာ ဖျော်ဖြေရမယ့် တာဝန်ရှိပါတယ်။ အဲဒီအတွက် ပွဲကို ဆက်လက်ကျင်းပဖို့ကိုပဲ ရွေးချယ်ခဲ့ရပါတယ်။နောက်တစ်ခုက ဒီပွဲဟာ ထိုင်းနိုင်ငံမှာ တရားဝင် ခွင့်ပြုမိန့်နဲ့ ကျင်းပတာဖြစ်တဲ့အတွက် ပွဲဖျက်ဖို့လိုအပ်ရင်တာဝန်ရှိသူများက တရားဝင်တားမြစ်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ပွဲက Phenix Mall ရဲ့ ၅ ထပ် မိုးလုံလေလုံခန်းမကြီးဖြစ်တဲ့အတွက် ပွဲကိုဆက်လက်တင်ဆက်ခဲ့တာဖြစ်ပါတယ် ( သူတို့ဆီမှာ လုပ်ငန်းလည်ပတ်တာတွေကို အတတ်နိုင်ဆုံး မရပ်ဆိုင်းကြဘူးလို့လည်း နားလည်ခဲ့ရပါတယ် ဂီတဖျော်ဖြေပွဲဆိုတာ အဆင့်ဆင့်ဝန်ထမ်းတွေ အလုပ်လုပ်ကြတဲ့ ဝင်ငွေလည်ပတ်နေတဲ့ လုပ်ငန်းလို့လည်း သတ်မှတ်ပါတယ်)” လို့ စိုင်းစိုင်းခမ်းလှိုင်က အသိပေးပါတယ်။
စိုင်းစိုင်းခမ်းလှိုင်၊ ရဲလေး၊ ဘန်နီဖြိုး၊ Bobby Soxer ပါဝင်ပြီး စက်တင်ဘာ ၂၆ ရက်က ဖျော်ဖြေခဲ့တဲ့ A Night in Bangkok ရှိုးပွဲအတွက် လက်မှတ်ခက ထိုင်းဘတ် ၈၀၀၊ ၁၀၀၀ နှစ်မျိုးအပြင် ထိုင်းဘတ် ၃၀၀၀၀ တန် Private Balcony နဲ့ ထိုင်းဘတ် ၂၅၀၀၀ တန် Premium Balcony အမျိုးအစား စုစုပေါင်း ၁၆ ဝိုင်း ရောင်းချခဲ့သလို သတ်မှတ်လက်မှတ်တွေ အကုန်လုံးရောင်းချခဲ့ရပါတယ်။ စိုင်းစိုင်းက ရှိုးပွဲအတွက် ရက်ကြိုစီစဥ်ခဲ့ရပေမဲ့ ပွဲမကျင်းပခင် တစ်ရက်အလို စက်တင်ဘာ ၂၅ ရက်ကစ ထိုင်းနိုင်ငံတစ်ဝန်း မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် နိုင်ငံရဲ့ ခရိုင် ၅၀ စလုံးကို ရေလွှမ်းမိုးမှုဘေးအန္တရာယ် ကြေညာခဲ့ရပါတယ်။ ဒီလိုကြေညာခဲ့ရပေမဲ့ စိုင်းစိုင်းရဲ့ရှိုးပွဲက စည်ကားအောင်မြင်ခဲ့သလို မလာနိုင်သူအနည်းငယ်ရှိခဲ့လို့လည်း နောက်တစ်ကြိမ်ထပ်မံကျင်းပပေးမယ်လို့ စိုင်းစိုင်းက အသိပေးလာတာဖြစ်ပါတယ်။
“ရေကြီးလို့ ပွဲကို မတက်ရောက်နိုင်ခဲ့တဲ့ ပရိသတ်များက လက်မှတ် QR များကို သိမ်းဆည်းထားပေးပါခင်ဗျာ။ Show Promoter များက မိုးလေကင်းလွတ်တဲ့အခါ နောက်ထပ်တစ်ပွဲ ပြန်လည်စီစဉ်ပေးနိုင်ဖို့ ကြိုးစားမယ်လို့ပြောပါတယ်။ လက်မှတ်ဌာနမှလည်း QR Code တွေကို ၆ လ အထိ မပယ်ဖျက်ဘဲ ထားပေးမယ်လို့ သိရပါတယ်။ တကယ်လို့ ပွဲပြန်လုပ်ပေးဖို့ အခွင့်အရေးရခဲ့ရင် မကြည့်လိုက်ရတဲ့ အဲဒီလက်မှတ်တွေပြန်သုံးလို့ရပါမယ်ခင်ဗျာ။ မိုးကြီးရေကြီးတဲ့ကြားက ပွဲကို တက်ရောက်ခဲ့တဲ့ ဘန်ကောက်နဲ့ အနယ်နယ်အရပ်ရပ်က ပရိသတ်များကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော့် ပရိသတ်များ သီချင်းအားဖြင့် ခဏတာဘဝအမောပြေကြပါစေ…(ဘန်ကောက်ပွဲက စိုင်းစိုင်းတစ်ယောက်တည်းပွဲမဟုတ်ပါဘူး အဆိုတော် ၄ ယောက်ဦးဆောင်ပါဝင်တဲ့ ပုံမှန်ဂီတပွဲပါ။ ကျွန်တော်က အသက်အကြီးဆုံးဆိုတော့ ကျွန်တော်ပဲ တာဝန်ယူပြီး ပြောပြတာပါဗျ)”လို့လည်း စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။
