နေမိုး
၂၈. ၉. ၂၀၂၆
ရခိုင်အကြမ်းဖက်လက်နက်ကိုင် AA အဖွဲ့က နယ်မြေလုယက် ထိန်းချုပ်ထားတာကြောင့် ဗုံးကြဲခံနေရတဲ့ ကျောက်တော်မြို့ကို ဒီမနက် လေကြောင်းတိုက်ခိုက်ခံရလို့ အနည်းဆုံး ၃၃ ဦး သေဆုံးသွားပြီလို့ AA က အခု ဝန်ခံလာပါတယ်။
၁၀၂၇ စစ်ဆင်ရေးနဲ့ ရခိုင်နဲ့ ရှမ်းပြည်နယ်က မြို့တွေကို တိုက်ခိုက်ဖျက်ဆီးသိမ်းယူတဲ့ AA ၊ TNLA နဲ့ MNDAA တို့ကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂ ရက်မှာ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပြီး ဒီလိုအကြမ်းဖက်အဖွဲ့တွေကို ချေမှုန်းတော့မှာဖြစ်လို့ အကြမ်းဖက်တွေအကြား ပြည်သူတွေမနေဖို့ တပ်မတော်က ကမ္ဘာသိအောင် ကြေညာခဲ့သလို တစ်နိုင်ငံလုံးပြန့်နေတဲ့ လက်နက်ကိုင်တွေ ထိန်းချုပ်ရာနယ်မြေတွေ အလှည့်ကျထိုးစစ်ဆင်တိုက်ယူရာမှာ မြို့ပေါင်း ၂၂ မြို့အထိ သိမ်းအပြီး လက်ရှိအချိန်မှာတော့ AA ထိန်းချုပ်ရာဒေသတွေဟာ တပ်မတော်ရဲ့ တန်ပြန်ထိုးစစ်ဆင်ခံနေရတာပါ။
ဒီလို တန်ပြန်ထိုးစစ်ဆင်နေတာကြောင့် AA အကြမ်းဖက် လက်နက်ကိုင်တွေ ထိန်းချုပ်တဲ့နေရာတွေလို့ ရခိုင်ပြည်သူတွေက သတင်းပေးပို့လာတဲ့နေရာတွေကို လေကြောင်းတိုက်ခိုက်ရာမှာ ဒီနေ့ စက်တင်ဘာ ၂၈ ရက် နေ့လယ် ၁၂ နာရီ ၁၀ မိနစ်နဲ့ ၁၄ မိနစ်အချိန်တွေမှာ ဂျက်တိုက်လေယာဥ်တစ်စီးနဲ့ ကျောက်တော်မြို့ ကစ္စပနဒီတံတားဝန်းကျင်နဲ့ အိန္ဒိယစျေးဝန်းကျင်ကို တိုက်ခိုက်လို့ အနည်းဆုံး သေဆုံးသူ ၃၃ ဦးနဲ့ ဒဏ်ရာရသူ ၃၆ ဦး ရှိလာနေပြီလို့ AA က ပြောပါတယ်။





ဖြစ်စဥ်နေရာဟာ AA ရဲ့ ယမ်းချက်လုပ်ရာ အလုပ်ရုံနေရာဖြစ်ပြီး AA လက်နက်ကိုင်တွေနဲ့ ယမ်းချက်သူ အများအပြား သေဆုံးသွားတယ်လို့လည်း လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
AA က ရခိုင်နယ်မြေတွေ လုယက်ထိန်းချုပ်ပြီး လူငယ်တွေ ပြန်ပေးဆွဲကာ စစ်မှုထမ်းခိုင်းနေတာကြောင့် ရခိုင်ပြည်သူအများစုဟာ AA ဘေးလွတ်ရာ ပြည်ပနိုင်ငံတွေနဲ့ အေးငြိမ်းရာ အစိုးရအာဏာစက်အောက် ပြေးဝင်ခိုလှုံလာချိန်မှာ ရခိုင်ပြည်နယ်က AA ထိန်းချုပ်ရာနေရာတွေမှာ AA လက်နက်ကိုင်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေပဲ အများစု နေထိုင်နေကြသလို AA ကလည်း ဗုံးကြဲခံရတိုင်း လက်နက်ကိုင်တွေ သေဆုံးမှု ထိမ်ချန်ထားပြီး သေသူတွေက ပြည်သူတွေလို့ပဲ လိမ်လည်ထုတ်ပြန်လေ့ရှိတာကြောင့် အခုသေဆုံးတယ်ဆိုသူ ၃၃ ဦးဟာ AA လက်နက်ကိုင်တွေနဲ့ သူတို့မိသားစုဝင်တွေလား။ ဒါမှမဟုတ် ပြည်သူတွေလားဆိုတာ မြေပြင်အတည်မပြုနိုင်ဘဲ AA ထုတ်ပြန်တဲ့ သေဆုံးသူ ၃၃ ဦးရှိတယ်ဆိုတာပဲ ဖော်ပြပေးတာဖြစ်ပါတယ်။
