၂၈.၉.၂၀၂၆
Translated by Htwe Ko Tun
စက်တင်ဘာလ၏ နောက်ဆုံး သီတင်းပတ်ကုန်ရက်များအတွင်း ရွာသွန်းခဲ့သော မိုးသည်းထန်မှုကြောင့် ထိုင်းနိုင်ငံ၊ မြို့တော်ဘန်ကောက်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် လူထောင်ပေါင်းများစွာ သည် စက်တင်ဘာလ ၂၈ ရက်တွင် ရေဘေးရှောင်စခန်းများ၌ ခိုလှုံနေကြရကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အရှေ့ပိုင်းပြည်နယ်တစ်ခုရှိ ရေလှောင်ကန်များတွင် ရေပမာဏ မြင့်တက်လာမှုကြောင့် ဒေသခံများအား ၎င်းတို့၏နေအိမ်များမှ ရွှေ့ပြောင်းကြရန် ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့ရသည်။
ပြီးခဲ့သည့်အပတ်က နှစ်ရက်မှသုံးရက်အတွင်း မိုးရေချိန် ၃၂၀ မီလီမီတာ (၁၂ ဒသမ ၆ လက်မ) ခန့် ရွာသွန်းခဲ့ပြီးနောက် ဘန်ကောက်မြို့၏ ရပ်ကွက်များစွာ ရေလွှမ်းမိုးခံခဲ့ရကာ ရေနုတ်မြောင်းစနစ်များလည်း ရေပြည့်လျှံခဲ့သည်။ အဆိုပါ မိုးရေချိန်ပမာဏသည် မြေနိမ့်ပိုင်းတွင် တည်ရှိပြီး ကျယ်ပြန့်သော ဘန်ကောက်မြို့တော်၌ စက်တင်ဘာလတစ်လလုံး ပုံမှန်ရရှိလေ့ရှိသည့် မိုးရေချိန်ပမာဏနီးပါးမျှရှိသည်။
ပြည်ထဲရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန် အန်စစ် ဆမ်ပွန်သာရတ်က “ရေလွှမ်းမိုးထားတဲ့ဒေသတွေမှာ နေထိုင်ကြတဲ့ ဒေသခံ ၈၀,၀၀၀ ကျော်ဟာ နေအိမ်တွေကနေ ထွက်ခွာလို့မရတဲ့ အခြေအနေမျိုး ဖြစ်နေပါတယ်” ဟု ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ရွေ့လျားမီးဖိုချောင်များနှင့် လှေများကို စေလွှတ်ထားကြောင်းလည်း ထပ်လောင်းပြောကြားခဲ့သည်။
၎င်းက “ရည်မှန်းချက်ကတော့ ရေကြီးရေလျှံမှု ဖြစ်ပွားနေတဲ့ ကာလတစ်လျှောက်လုံးနဲ့ ရေပြန်ကျသွားပြီးနောက် အနည်းဆုံး နောက်ထပ် ခုနစ်ရက် ကြာတဲ့အထိ ဒေသခံအားလုံးကို တစ်နေ့လျှင် အစားအစာ ၃ ကြိမ် ကျွေးမွေးထောက်ပံ့ပေးဖို့ ဖြစ်ပါတယ်” ဟု မိုးရွာလိုက်၊ ရပ်လိုက်ဖြစ်နေသည့်ကြားမှပင် စက်တင်ဘာလ ၂၈ ရက်တွင် ထပ်လောင်းပြောကြားခဲ့သည်။
ရေဘေးကြောင့် လူရှစ်ဦးသေဆုံးပြီး အိမ်ခြေ ၅၈၀,၀၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်းလည်း တရားဝင်ကြေညာချက်များအရ သိရသည်။
ဘန်ကောက်မြို့တွင် လူဦးရေ ၆,၀၀၀ နီးပါးကို ရေဘေးရှောင်စခန်း ၂၃၄ ခုသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။ တစ်နိုင်ငံလုံး၌ ရေဘေးကြောင့် ဘတ်ငွေ ၁၁ ဘီလျံ (အမေရိကန်ဒေါ်လာ ၃၂၇ သန်း) ခန့် တန်ဖိုးရှိ စီးပွားရေးဆိုင်ရာ ထိခိုက်ဆုံးရှုံးမှုများ ရှိမည်ဟု ခန့်မှန်းထားပြီး ဘန်ကောက်မြို့တွင် အထိခိုက်ဆုံးဖြစ်မည်ဟုလည်း ဆိုသည်။
ဘန်ကောက်မြို့နှင့် အရှေ့ပိုင်းဒေသတို့သည် ရေဘေးဒဏ်ကို အပြင်းထန်ဆုံး ခံစားရဖွယ်ရှိပြီး အထူးသဖြင့် လက်ကားနှင့် လက်လီရောင်းချသည့် လုပ်ငန်းများ ပိုမိုထိခိုက်နိုင်ကာ စက်မှုလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများမှာလည်း အခြားဒေသများတွင် ထိခိုက်မှုများ ရှိလာနိုင်ကြောင်း အန်စစ် ဆမ်ပွန်သာရတ်က ထပ်လောင်းပြောကြားခဲ့သည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ပြီး သုံးရက်အကြာတွင် မြို့တော်၏ ရေဘေးဒဏ် အပြင်းထန်ဆုံး ခံစားနေရသည့် ဘန်ကာပီ (Bang Kapi) ရပ်ကွက်၌ ဒေသခံများသည် ခါးအထိရှိသော ရေထဲတွင် လမ်းလျှောက်သွားလာကာ ကုန်သည်များထံမှ အခြေခံလိုအပ်သော ပစ္စည်းများကို ဝယ်ယူခဲ့ကြသည်။ ကုန်သည်အချို့မှာ ရေပေါ်တွင် ပလတ်စတစ်သေတ္တာများနှင့် စည်ပိုင်းများကို အသုံးပြု၍ ဈေးဆိုင်ခင်းကျင်း ရောင်းချခဲ့ကြသည်။
ပင်လယ်ရေမျက်နှာပြင်အထက် ၁ ဒသမ ၅ မီတာ (၅ ပေ) အမြင့်တွင်သာရှိပြီး နွံမြေပေါ်တွင် တည်ဆောက်ထားသည့် ဘန်ကောက်မြို့သည် နှစ်စဉ် မီလီမီတာအနည်းငယ်နှုန်းဖြင့် မြေနိမ့်ကျလျက်ရှိပြီး လူဦးရေ ၈ ဒသမ ၄ သန်းကျော် နေထိုင်သည့် အဆိုပါမြို့တော်သည် ခြောက်လကြာမြင့်သည့် မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှု ပြဿနာများကို မကြာခဏ ရင်ဆိုင်နေရလေ့ရှိသည်။
အရှေ့ဘက်သို့ ဆက်လက်သွားပါက အဓိက စက်မှုဇုန်ဧရိယာနှင့် ထိစပ်နေသော ကမ်းရိုးတန်းဒေသ ရာယွန်ပြည်နယ်တွင် ရေလှောင်ကန်နှစ်ခု၌ ရေသိုလှောင်ပမာဏသည် ခံနိုင်ရည်ပမာဏထက် ကျော်လွန်မြင့်တက်လာခဲ့ပြီးနောက် တာဝန်ရှိသူများက စက်တင်ဘာလ ၂၈ ရက်တွင် ဒေသခံများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် ညွှန်ကြားခဲ့သည်။
ပြီးခဲ့သည့်နှစ်က တောင်ပိုင်းဒေသတွင် ရက်အနည်းငယ်အတွင်း မိုးရေချိန် ၆၃၀ မီလီမီတာ (၂၅ လက်မ) ရွာသွန်းမှုကြောင့် ဖြစ်ပေါ်ခဲ့သော ဆိုးရွားပြင်းထန်သည့် ရေကြီးရေလျှံမှုများတွင် လူပေါင်း အနည်းဆုံး ၁၄၅ ဦး သေဆုံးခဲ့ပြီး နေအိမ်ပေါင်း ၃၃,၀၀၀ ကျော် ရေနစ်မြုပ်ခဲ့ကာ ကျောင်းများ၊ ဆေးရုံများနှင့် အဝေးပြေးလမ်းမကြီးများကဲ့သို့သော အရေးပါသည့် အခြေခံအဆောက်အအုံများလည်း ပျက်စီးခဲ့ရသည်။
Ref- Reuters
