သက်တံ့
၂၈. ၉. ၂၀၂၆
ယမန်နေ့ တနင်္ဂနွေနေ့ညနေပိုင်းက ရေနစ်မြုပ်နေသည့် ဘန်ကောက်မြို့ ဖက်ချာဘူရီလမ်းပေါ်တွင် ဂျက်စကီ (Jet Ski) စီးနင်းကာ ရေလှိုင်းများ တမင်ဖြစ်ပေါ်စေခဲ့သည့် အမျိုးသားတစ်ဦးကို အများပြည်သူအား နှောင့်ယှက်မှုဖြင့် ဖမ်းဆီးအရေးယူခဲ့သည်။
အသက် ၂၇ နှစ်အရွယ် စွန်း ကီယက်ဆီရီ (Sorn Keadsiri) ဟု အမည်ရသည့် အဆိုပါအမျိုးသားကို မြောက်ပိုင်းဘန်ကောက် တရားရုံးက ဒဏ်ငွေရိုက်ခဲ့သည့်အပြင် ထောင်ဒဏ်ဆိုင်းငံ့မိန့်နှင့် တစ်နှစ်ခံဝန် ထိန်းသိမ်းစောင့်ရှောက်မိန့် ချမှတ်ခဲ့သည်။
ထိုင်းလူမှုကွန်ရက်တွင် ပျံ့နှံ့သွားသည့် ဗီဒီယို၌ ဂျက်စကီစီးနင်းသူသည် အရှိန်မြှင့်ခြင်း၊ ကွေ့ကောက်စီးနင်းခြင်းတို့ ပြုလုပ်ကာ လမ်းဘေးရှိ အိမ်များနှင့် အဆောက်အအုံများဆီသို့ ရေလှိုင်းများ ရိုက်ခတ်စေခဲ့သည်ကို တွေ့ရသည်။ အဆိုပါရေကြီးနေသည့် လမ်းကို အခြားသူများလည်း အသုံးပြုနေရသဖြင့် အနီးနားရှိ ဒေသခံများက တိုင်ကြားခဲ့ကြကြောင်း ဒေသတွင်း သတင်းအချို့က ဖော်ပြသည်။
ဂျက်စကီစီးနင်းသူသည် ၎င်း၏ ကိုယ်ပိုင်ဖေ့စ်ဘုတ်အကောင့်ဖြစ်သည့် “Sorn Keadsiri” တွင် “B K K D R I F T” ဟု စာရေးသားကာ ဗီဒီယိုကို စတင်တင်ခဲ့ခြင်းဖြစ်သည်။ တနင်္လာနေ့နံနက်ပိုင်းတွင်မူ အဆိုပါအကောင့်နှင့် ဗီဒီယိုဖိုင်ကို ရှာဖွေ၍ မရတော့ပေ။
ဗီဒီယိုဖိုင်တွင် စီးနင်းသူသည် လမ်းဘေးလူသွားလမ်းများ၊ လမ်းကူးတံတားလှေကားများနှင့် ဘေးနံရံများဆီသို့ ရေများစင်ထွက်စေလျက် ရေကြီးနေသည့် လမ်းပိုင်းအတိုင်း စီးနင်းသွားသည်ကို တွေ့ရသည်။
ထို့ပြင် မော်တော်ဆိုင်ကယ်အချို့ ဖြတ်သန်းမောင်းနှင်နေကြသည်ကို တွေ့ရသလို အချို့မော်တော်ကားများမှာလည်း စက်ရပ်သွားသဖြင့် လမ်းဘေးတွင် ရပ်တန့်ထားခဲ့ရသည်ကို တွေ့ရသည်။ ဗီဒီယိုရိုက်ကူးသူကလည်း “မိုက်တယ်… မိုက်တယ်။ တည့်တည့်မောင်း၊ တည့်တည့်မောင်း။ ဆုံးအောင် တည့်တည့်မောင်းသွား” ဟု ပြောဆိုသံပါဝင်ခဲ့သည်။
မက္ကဆန် (Makkasan) ရဲစခန်းက အဆိုပါစီးနင်းသူကို ထိန်းသိမ်းခဲ့ပြီး အများပြည်သူအား နှောင့်ယှက်မှု၊ ယာဉ်ကြောပိတ်ဆို့စေမှုတို့ဖြင့် တရားစွဲဆိုခဲ့သည်။ ဗီဒီယိုရိုက်ကူးသူကိုလည်း ပြစ်မှုကျူးလွန်ရာတွင် ကူညီအားပေးမှုဖြင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့၏ ပဏာမစစ်ဆေးမေးမြန်းမှုတွင် စီးနင်းသူက ၎င်းသည် နိုင်ငံခြားတွင် ကျောင်းပြီးခဲ့သူဖြစ်၍ ထိုင်းယဉ်ကျေးမှုကို မသိရှိခဲ့ကြောင်းနှင့် အခက်အခဲကြုံတွေ့နေရချိန်တွင် ပြည်သူများ ပြုံးရွှင်စေရန်အတွက်သာ ရည်ရွယ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ထိုင်းမီဒီယာများက ဖော်ပြသည်။
ရဲတပ်ဖွဲ့သည် ဂျက်စကီကို သိမ်းဆည်းထားပြီး ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းကြောင်း တရားရုံးထံ အတည်ပြုချက်တောင်းခံရန် စီစဉ်ထားသည်။
မြောက်ပိုင်းဘန်ကောက် တရားရုံးက အသက် ၂၇ နှစ်အရွယ် စွန်း ကီယက်ဆီရီကို တနင်္လာနေ့တွင် ထောင်ဒဏ် ၁ လနှင့် ဒဏ်ငွေ ဘတ် ၁၀,၀၀၀ ချမှတ်ခဲ့သည်။ သို့သော် ပြစ်မှုထင်ရှားကြောင်း ဝန်ခံခဲ့သဖြင့် ထောင်ဒဏ်ကို ၁၅ ရက်သို့လည်းကောင်း၊ ဒဏ်ငွေကို ဘတ် ၅,၀၀၀ သို့လည်းကောင်း လျှော့ချပေးခဲ့သည်။
ထို့နောက် တရားရုံးက ထောင်ဒဏ်ကို ၁ နှစ် ဆိုင်းငံ့ပေးခဲ့ပြီး ၁၂ လ ခံဝန် ထိန်းသိမ်းစောင့်ရှောက်မိန့် ချမှတ်ခဲ့သည်။
Ref: Bangkok Post
