MT News
၂၈. ၉. ၂၀၂၆
CRPH ၊ NUGနှင့် ၎င်းတို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး ပျက်ပြားစေရန်နှင့် ပြည်သူလူထုကိုအကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန်ရည်ရွယ်၍ စစ်ရေးပစ်မှတ်နှင့် မသက်ဆိုင်သည့် နေရာများ၊ အရပ်သားပြည်သူများ၊ သစ္စာရှိနိုင်ငံ့ဝန်ထမ်းများနှင့် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား သေဆုံး၊ ထိခိုက်ဒဏ်ရာစေရန် အဓိကပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်ခြင်း၊ အများပြည်သူပိုင်အဆောက်အအုံ များအားမီးရှို့ဖျက်ဆီးခြင်း၊ အများပြည်သူ သွားလာအသုံးပြုလျက်ရှိသော လမ်းဘေး ဝဲ/ယာများ၌မိုင်းထောင်ခြင်း၊အေးချမ်းစွာပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများအား လက်နက်အားကိုးဖြင့် ခြိမ်းခြောက်ခြင်းနှင့် ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို နည်းမျိုးစုံဖြင့် ဆင်ခြင်တုံတရား ကင်းမဲ့စွာဖြင့် ဥပဒေမဲ့ကျူးလွန်လုပ်ဆောင်လျက်ရှိရာ ယခုလည်း မုံရွာ- မန္တလေးပြေးဆွဲနေသော ခရီးသည်တင်မော်တော်ယာဉ်အား PDF များက အကြောင်းမဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် ရဟန်းသံဃာတော်နှင့်အပြစ်မဲ့အရပ်သားပြည်သူများ သေဆုံး၊ ဒဏ်ရာရမှု ယနေ့ ဖြစ်ပွားခဲ့ပြန်သည်။
NUG ဩဇာခံ PDF များ၏ ကျူးလွန်မှုဖြစ်စဥ်မှာ ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးမြို့ဘက်မှ မုံရွာမြို့ဘက်သို့ ယာဉ်မောင်း ဦးဇင်ကိုအောင်(ဘ)ဦးမှန်၊ မြိုင်မြို့နယ်၊ လင်းကတော ကျေးရွာနေသူမောင်းနှင်လာသည့် AD Van အမျိုးအစား မော်တော်ယာဉ်အား မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာအကျော် တံတားအနီး မိုင်တိုင်အမှတ်၊ ၄၂/၅ အရောက်၌ PDF များက အကြောင်းမဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသွားများဖြစ်သည့် ငပုတောမြို့နယ်၊ သက္ကယ်ချောင်းကျေးရွာနေ ဒေါ်ဝေဝေလွင်(ဘ)ဦးသောင်းရွှေသည် မိုင်းစထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဆရာတော် ဘဒ္ဒန္တ သီလာစာရနှင့် ရေစကြိုမြို့နယ်၊ ဒီပဆေးကျေးရွာနေ မမီမီသန့်(ဘ)ဦးဝင်းသန့်နှင့် ယာဉ်မောင်းဖြစ်သူ တို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။


အထက်ပါဖြစ်စဉ်၌ မိုင်းစထိခိုက်ဒဏ်ရာရရှိသူများ ထိခိုက်ဒဏ်ရာရရှိသူများအား လုံခြုံရေးအဖွဲ့များက မြင်းမူမြို့နယ်၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စေပြီး လိုအပ်သော ဆေးဝါးကုသမှုများ ဆက်လက်ဆောင်ရွက်စေလျက်ရှိကြောင်း သိရှိရသည်။
PDF အမည်ခံအကြမ်းဖက်သမားများသည် ယခုကဲ့သို့ စစ်ရေးပစ်မှတ်နှင့် မသက်ဆိုင်သည့် သာသနာတော်အကျိုး သယ်ပိုးဆောင်ရွက်လျက်ရှိသည့် ရဟန်း သံဃာတော်နှင့် အပြစ်မဲ့အရပ်သားပြည်သူများစီးနင်းလိုက်ပါလာသည် ခရီးသွား မော်တော်ယာဉ်အား ဆင်ခြင်တုံတရား ကင်းမဲ့စွာဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်ခဲ့ခြင်းအတွက် ဒေသခံပြည်သူများအနေဖြင့် လည်း ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှု ကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက တာဝန်သိဒေသခံပြည်သူများနှင့်ပူးပေါင်း၍ စုံစမ်း ဖော်ထုတ်လျက်ရှိပြီး နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူ့အသက် အိုးအိမ် စည်းစိမ်ကာကွယ်စောင့်ရှောက်ရေးအတွက် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်း များကိုလည်း တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
