


နေမိုး
၂၈. ၉. ၂၀၂၆
အကြမ်းဖက်အုပ်စု များအဖြစ် ကြေညာထားသည့် CRPH ၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံ PDF များသည် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ပျက်စီးစေရန်နှင့် အစိုးရအုပ်ချုပ်မှုယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုများအပေါ် ဥပဒေ နှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်လျက်ရှိသဖြင့် ထိုအကြမ်းဖက်အဖွဲ့များအား အားပေးမှု၊ ထောက်ခံမှု၊ ကူညီထောက်ပံ့မှုများ ပြုလုပ်နေသည့် လူပုဂ္ဂိုလ်၊ အဖွဲ့ အစည်းများကိုလည်း ဖော်ထုတ်အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိရာ ယခုလည်း CRPH၊ NUG နှင့် PDF များအတွက် ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (People’s Revolution Supply Family – PRF Website) အဖွဲ့ဝင်ကာ ငွေကြေး ထောက်ပံ့ပေးပို့နေသူ ၂၁ ဦးအား ဖမ်းဆီးရမိလိုက်သည်။
အကြမ်းဖက် NUG အဖွဲ့အနေဖြင့် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန်နှင့် ၎င်းတို့ ရေရှည်ရပ်တည်နိုင်ရန် People’s Revolution Supply Family-PRF Website (https://form.prfhq.modnug.org) အား တည်ထောင်၍ Wave Payı တရားမဝင် NUG Pay၊ တရားမဝင် SDB Bank၊ Crypto နှင့် နိုင်ငံခြားငွေ Payment စနစ်များမှတစ်ဆင့် ငွေကြေး ကောက်ခံလျက်ရှိကြောင်း စိစစ်တွေ့ရှိရသည်။
အကြမ်းဖက်အဖွဲ့များ အခြေပြုနေထိုင်ရပ်တည်၍ ဥပဒေမဲ့ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်နေခြင်းကိုမလိုလားသော အေးချမ်းစွာနေထိုင်လိုသည့် တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်များအရ PRF Website သို့ WavePay ဖြင့် ငွေကြေး ထောက်ပံ့သူ ၇၀၀ ဦးခန့်၊ တရားမဝင် NUG Pay ဖြင့် ငွေကြေးထောက်ပံ့သူ ၁,၀၀၀ ဦးခန့်၊ တရားမဝင် SDB ဘဏ်ဖြင့် ငွေကြေးထောက်ပံ့သူ ၁,၀၀၀ ဦးခန့်၊ စုစုပေါင်း ၂,၇၀၀ ကျော်၏အချက်အလက်များအား ဖော်ထုတ်ရရှိခဲ့ပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ PRF Website သို့ ငွေကြေးထောက်ပံ့ပေးပို့သူ တရားခံများဖြစ်ကြသည့် မိုးညှင်းမြို့နေ ထက်သူအောင် ၊ လားရှိုးမြို့နေ မေရီဆန်စင် ၊ ရွှေညောင်မြို့နေ မျိုးမြမြတ်ထွန်းကြည် ပုသိမ်ကြီးမြို့နယ်နေ လှိုင်ဖုန်း ၊ ပြင်ဦးလွင်မြို့နေ စန်းယုအောင် ၊ ပျဉ်းမနားမြို့နယ်နေ သဲအိခိုင်၊ ဇမ္ဗူသီရိမြို့နယ်နေ သီဟ၊ လှည်းကူးမြို့နေ ဇော်ကိုလတ်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်နေ ရန်နိုင်အောင် ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နေ မျိုးဇော် ၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ အောင်ဟိန်း ၊ မင်္ဂလာဒုံမြို့နယ်နေ ငြိမ်းဝင်းအောင် နှင့် ကျော်ဝင်းစိုး၊ လှိုင်မြို့နယ်နေ မြသီတာ ၊ ကြည့်မြင်တိုင်မြို့နယ်နေ သက်နိုင်ထူး ၊ ဆိပ်ကြီးခနောင်တို တိုက်နယ်နေ ညွန့်ရီ ၊ ပုသိမ်မြို့နေ ကြူကြူဝင်း၊ ဒေးဒရဲ မြို့နေ သိန်းဇင်ထိုက်နှင့် ကြည်ကြည်စန်း၊ မအူပင်မြို့နေ အောင်ဇော်ထွေး၊ ကျောင်းကုန်း မြို့နေ အေးအေးသင်း စုစုပေါင်းတရားခံ ၂၁ ဦးအား ဖော်ထုတ်ဖမ်းဆီး ရရှိခဲ့သည်။
အဆိုပါ NUG အကြမ်းဖက်အဖွဲ့၏ တရားမဝင် PRF Website (https://form. prfhq.modnug. org) သို့ ငွေကြေးထောက်ပံ့မှုပြုလုပ်သူ ဖမ်းဆီးရမိတရားခံများအား တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး PRF Website နှင့်ဆက်စပ်ပြီး ကျန်ရှိသည့် တရားခံများအား ဆက်လက်ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်သွား မည်ဖြစ်ကြောင်းနှင့် ဖော်ထုတ်ဖမ်းဆီးရရှိသည့် WavePay အကောင့်များအား ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီပိတ်သိမ်း၍ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည် ဖြစ်သည်။
မိဘပြည်သူများအနေဖြင့်လည်း CRPH NUG အကြမ်းဖက်အဖွဲ့ အပါအဝင် အကြမ်းဖက်သမားများနှင့်အကြမ်းဖက်အဖွဲ့အစည်းများအား ထောက်ခံမှု၊ ကူညီအားပေး မှု၊ ငွေကြေးထောက်ပံ့မှု မပြုခြင်းသည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးခြင်းဖြစ်သည်နှင့်အညီ အဆိုပါ အားပေးထောက်ခံမှုပြုနေသူများ၏ သတင်း ကိုသိရှိပါက သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းများထံသို့ လျှို့ဝှက်စွာသတင်းပေးပို့ တိုင်ကြားနိုင်ပြီး သတင်းပေးပို့လာသူများကိုလည်း ထိုက်တန်စွာ ဆုကြေးများ ချီးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
