၁၉. ၆. ၂၀၂၅
Translated by Thettant
အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်ပြည်နယ်၊ ဘတ်ဖဲလိုးမြို့မှာ နေထိုင်ပြီး အမေရိကန်နိုင်ငံသားခံယူထားသူ ဘတ်ဖဲလိုးမြို့ အရန်ရဲတပ်ဖွဲ့ဝင်ဟောင်း အောင်ကောင်းမြတ်ကို လိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့ ထောင်ရှစ်နှစ်ချမှတ်လိုက်ပါတယ်။
၂၀၂၁ ဖြစ်စဥ်နောက်ပိုင်း ပြည်ပထွက်ပြေးသူ မန္တလေးမြို့က ဘလော့ဂါအမျိုးသမီးတစ်ဦးနဲ့ အတူနေထိုင်ပြီး ကလေးတစ်ယောက်ရှိတယ်လို့ အမေရိကန်ရောက် မြန်မာအသိုင်းအဝိုင်းဆီက သိရတဲ့ အောင်ကောင်းမြတ်ရဲ့ ကျူးလွန်မှုနဲ့ပတ်သက်ပြီး ဝိုင်အိုမင်းကောင်တီ ခရိုင်ရှေ့နေရုံးက ပြောကြားရာမှာ အရင်က ရဲတပ်ဖွဲ့အရန်ယူနစ်အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့သူ့ကို တနင်္လာနေ့က လိင်ပိုင်းဆိုင်ရာစော်ကားဖို့ ကြိုးပမ်းမှုနဲ့ အမြင့်ဆုံးပြစ်ဒဏ် ချမှတ်ခဲ့တာလို့ ဆိုပါတယ်။
ဘတ်ဖဲလိုးမြို့က အရန်ရဲတပ်ဖွဲ့ဝင်ဟောင်း အသက် ၃၈ နှစ်အရွယ် အောင်ကောင်းမြတ်ဟာ အမျိုးသမီးတစ်ဦးကို လိင်ဆက်ဆံမှုပြုလုပ်ဖို့ အတင်းအကျပ် ခြိမ်းခြောက် ဖိအားပေးခဲ့တယ်လို့ ဝန်ခံခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောကြားခဲ့ပြီး ဒီကျူးလွန်မှုဟာ အောင်ကောင်းမြတ်က အရန်ရဲယူနစ်အရာရှိအဖြစ် တာဝန်ထမ်းဆောင်ချိန်က ဖြစ်ပွားခဲ့တယ်လို့လည်း ပြောပါတယ်။
အောင်ကောင်းမြတ်ဟာ ပထမအကြိမ်မှာလည်း လိင်ပိုင်းဆိုင်ရာကျူးလွန်ဖူးတယ်လို့ Village of Perry ရဲတပ်ဖွဲ့က ဖမ်းဆီးအပြီး ဝန်ခံထားတာကြောင့် လိင်ပိုင်းဆိုင်ရာစော်ကားဖို့ ကြိုးပမ်းမှု သီးခြားပြစ်မှုနှစ်ခုအတွက် ပြစ်မှုထင်ရှားလို့ တစ်မှုကို လေးနှစ်စီနဲ့ ထောင်ဒဏ်စုစုပေါင်း ရှစ်နှစ် ချမှတ်ခံခဲ့ရတာဖြစ်ပြီး ထောင်ကလွတ်ပြီးရင်လည်း အာဏာပိုင်တွေက ဆယ်နှစ်ကြာ စောင့်ကြည့်ကြီးကြပ်မှု ခံရမှာဖြစ်ပါတယ်။
ဝိုင်အိုးမင်းခရိုင် ခရိုင်ရှေ့နေ ဗင်းဆင့် ဟမ်းမင်းက “ဒီအမှုရဲ့သဘောသဘာဝအရ ဒီပြစ်ဒဏ်က အလွန်သင့်လျော်ပါတယ်” လို့ ပြောကြားခဲ့သလို “ဒီလိုအနိုင်ကျင့်ခံရတာကို ရဲရဲဝံ့ဝံ့ ရှေ့ထွက်ပြောပြခဲ့တဲ့ သားကောင်ဖြစ်သူ အမျိုးသမီးရဲ့ ရဲစွမ်းသတ္တိကို ချီးကျူးပါတယ်” လို့လည်း ဆက်လက်ပြောခဲ့ပါတယ်။
Ref, WIVB Buffalo
