
၁၄ . ၆. ၂၀၂၅
Written by Phyo Wei
လက်ရှိဘဏ္ဍာနှစ် နှစ်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃၂ သန်းခန့်သာ ခွင့်ပြုပေးထားနိုင်ခဲ့သလို မန္တလေးငလျင်ကြီးကြောင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေ လုပ်ကိုင်ဖို့ သံ၊ သံမဏိ ထုတ်လုပ်နိုင်ရေး သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ သံစိမ်းကုန်ကြမ်းတွေ အရေးတကြီးလိုအပ်နေတယ်လို့ စက်မှုဝန်ကြီးက ပြောကြားလာတဲ့ ဖြစ်စဉ်တွေ ဒီတစ်ပတ်မှာ မြင်တွေ့ရပါတယ်။
အခြားတစ်ဖက်မှာလည်း တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းကြောင်းတစ်လျှောက်မှာ ရှိတဲ့ မဟာဗျူဟာကျတဲ့ စီမံကိန်းတွေ ပူးပေါင်းဆောင်ရွက်မှု အဆင်ပြေချောမွေ့စွာ အကောင်အထည်ဖော်နိုင်ဖို့အတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားကြဖို့ SAC ဥက္ကဋ္ဌ တိုက်တွန်းလာတာ၊ မေလအတွင်း ပြည်ပကို ဆန်နဲ့ ဆန်ကွဲ လစဉ်တင်ပို့ရမယ့် လျာထားချက် တန်ချိန်နှစ်သိန်းခွဲ ပြည့်မီအောင် တင်ပို့နိုင်ခဲ့သလို လက်ရှိဘဏ္ဍာနှစ် နှစ်လအတွင်း တန်ချိန်လေးသိန်းကျော် တင်ပို့ထားပေမယ့် ပြည်တွင်းစပါးဈေးကျဆင်းနေလို့ ဈေးနှုန်းပြန်ကောင်းလာစေရေး ပြည်ပကို ဆန်နဲ့ဆန်ကွဲ ပိုမိုတင်ပို့ကာ ဈေးကွက်ရရှိရေး ဆောင်ရွက်ဖို့လိုတယ်လို့ MRF ဥက္ကဋ္ဌ ပြောလာတာ၊ ပလတ်စတစ်ညစ်ညမ်းမှု လျှော့ချနိုင်ရေး ပြည်တွင်းက ပလတ်စတစ် Recycle လုပ်ငန်းတွေ ပိုမိုအားကောင်းလာစေဖို့နဲ့ လုပ်ထုံးလုပ်နည်းတွေ လိုက်နာဆောင်ရွက်ကြဖို့ SAC ဥက္ကဋ္ဌ ပြောကြားလာတာ၊ လက်ရှိဘဏ္ဍာနှစ်မှာ ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၈ သန်းကျော်တင်ပို့မှုက ဒေါ်လာ တစ်ဘီလျံခွဲခန့် ရရှိဖို့မျှော်မှန်းထားတာ၊ ငလျင်ဘေးဒဏ်ကြောင့် စက်ရုံတွေပိတ်ထားရဆဲဖြစ်လို့ မေလမှာလည်း မြန်မာ့ကုန်ထုတ်မှု ဆက်လက်ဦးစိုက်ကျဆင်းနေတာ၊ သစ်တောဖုံးလွှမ်းမှု ၄၂ ရာခိုင်နှုန်းသာရှိတော့လို့ မိမိတို့ဝာာဝန်ယူချိန်အတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုလုပ်ငန်းတွေကို ပိုမိုအလေးထား ဆောင်ရွက်ခဲ့တယ်လို့ SAC ဥက္ကဋ္ဌက ပြောကြားလာတာ စတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပေမယ့် ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ကိုတော့ ILO က မြန်မာနိုင်ငံကို Article 33 နဲ့ ပိတ်ဆို့အရေးယူတာ၊ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်မှုက ထင်တာထက် ပိုဆိုးရွားနေတယ်ဆိုတဲ့ အခြေအနေတွေအကြောင်းကို သုံးသပ်ချင်ပါတယ်။
◾ သာမန်ဝန်ထမ်းတွေ ဘ၀ပျက်အောင် Article 33 နဲ့ ပိတ်ဆို့လိုက်ပြန်တဲ့ ILO
Article 33 လို့ ခေါ်ဆိုတဲ့ မြန်မာနိုင်ငံကို အလုံးစုံ ပိတ်ဆို့ရေးအဆို ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်(ILO)ထံ ပြည်ပပြေးသွားတဲ့ အလုပ်သမားအရေးလှုပ်ရှားသူတွေက မနှစ်က နှစ်ကုန်ပိုင်းမှာ တင်သွင်းခဲ့ရာမှာ ILO က လက်ခံပြီး ပိတ်ဆို့ခြင်းဆိုင်ရာကိစ္စရပ်တွေကို လက်ခံဆွေးနွေးမယ်လို့ ဆုံးဖြတ်ခဲ့ချိန်မှာ ပြည်တွင်းရှိနေတဲ့ မြန်မာ့အလုပ်သမားထုစင်စစ်တွေက ကန့်ကွက် ဆန္ဒထုတ်ဖော်ခဲ့ပေမဲ့ ပြည်တွင်းက အလုပ်သမားသန်းနဲ့ချီတဲ့ ပြည်သူထက် ပြည်ပပြေးတဲ့ အလုပ်သမားအရေးကိုအော်နေတဲ့ လူဆယ်ဂဏန်းလောက် တောင်းဆိုချက်အတိုင်း အသိဉာဏ်မဲ့ ILO ဟာ ဒီလထဲမှာ မြန်မာနိုင်ငံကို စောင့်ကြည့်ပိတ်ဆို့ဖို့ အလုံးစုံ ပိတ်ဆို့မှု ချမှတ်လိုက်ပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၀၃ ခုနှစ်က မြန်မာနိုင်ငံကို ILO က အလုံးစုံပိတ်ဆို့မှုနဲ့ လက်ရှိ ၂၀၂၅ ခုနှစ် ILO ရဲ့ ပိတ်ဆို့မှုကို ကြိုးကိုင်သူက မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ရဲ့ ဥက္ကဋ္ဌ ဦးမောင်မောင် ခေါ် ပြင်သစ်ညွန့်ဝေပါ။ သူ့ဘ၀တစ်ခုလုံးဟာ စစ်အာဏာရှင်တိုက်ဖျက်ရေး အမည်ခံပြီး မြန်မာအလုပ်သမထုတွေ ပြည့်တန်ဆာဖြစ်အောင် ပိတ်ဆို့မှု လုပ်ဖို့ပဲ NLD, NUG နဲ့ ပူးပေါင်း တောင်းဆိုပြီး အဲဒီကရတဲ့ငွေတွေနဲ့ပဲ ရပ်တည်လာသူဖြစ်ပါတယ်။ ဘာကြောင့် ဒီလိုပြောရလဲဆိုရင် ပြီးခဲ့တဲ့ ၂၀၀၃ ခုနှစ် ပိတ်ဆို့မှုဖြစ်စဉ်မှာ ဒီလို ပိတ်ဆို့မှုတွေဟာ အစိုးရတွေ လုပ်ငန်းရှင်တွေကို မထိခိုက်ဘူးဆိုတာ မြန်မာနိုင်ငံမှာ သက်သေပြခဲ့ပြီးသားမို့ပါ။ အဲဒီအချိန်က ပိတ်ဆို့ခံရတဲ့ တပ်မတော်အစိုးရတာဝန်ရှိသူတွေ သူတို့မှီပြီး စီးပွားဖြစ်လာတဲ့ ခရိုနီတွေဟာ ဒီနေ့ခေတ်မှာ ပိုကြွယ်ဝလာပြီး နိုင်ငံတကာကို သွားလာနိုင်တဲ့အပြင် နာမည်ပျက်ကို ငွေကြေးနဲ့ အချိန်နဲ့ ဖုံးလိုက်နိုင်ကြပေမဲ့ မြန်မာအောက်ခြေအလုပ်သမထုကတော့ ပြည့်တန်ဆာဖြစ်ကြရ၊ ပြည်ပအလုပ်သမားအဖြစ် အသက်သွေးချွေးစတေးရ၊ ပြည်တွင်းက လုပ်ငန်းရှင်ငယ်တချို့ ပြိုလဲရနဲ့ပဲ ဆင်းရဲနွမ်းပါးပြည်သူတွေ အကြောင်းဆိုးခဲ့ရတာမို့ပါ။ လက်ရှိမှာလည်း ပိတ်ဆို့မှုတွေကြောင့် အထည်ချုပ်တွေ ပြန်ထွက်ရင်၊ လူဦးရေသုံးသန်းလောက် မှီခိုနေရတဲ့ CMP ကဏ္ဍ မြှုပ်နှံမှုတွေ ရပ်သွားရင်၊ အစိုးရဆိုသူတွေ၊ လုပ်ငန်းရှင်တွေကို ထိခိုက်တာထက် အလုပ်သမားသန်းချီကိုပဲ အကြီးအကျယ်ထိခိုက်မယ်ဆိုတာသိသိနဲ့ အမေရိကန်၊ EU၊ ILO၊ စတဲ့ နိုင်ငံတွေ အဖွဲ့အစည်းတွေဟာ ပိတ်ဆို့မှုဆက်လုပ်နေတာက အစိုးရတစ်ရပ်ကို တိုက်ခိုက်တာထက် ဘာမှမတုံ့ပြန်နိုင်တဲ့ သာမန်ပြည်သူသန်းနဲ့ချီ ဘဝမပျက်ပျက်အောင် တမင်ကြံရွယ်လုပ်ဆောင်နေတာဖြစ်သလို ဒီလို ဘ၀ပျက်အောင်လုပ်နေတာကို ဖုံးကွယ်ပြီး အစိုးရပဲ ထိခိုက်မှာပါလို့ အရှက်မရှိ လိမ်လည်ပြောဆိုနေတာကလည်း တော်တော်ဆိုးတဲ့ လိမ်လည်မှုပါပဲ။
◾ ထင်တာထက် ပိုဆိုးတဲ့ မန္တလေးငလျင်
SAC အစိုးရလက်ထက် ကြုံတွေ့ခဲ့တဲ့ သဘာဝဘေးတွေဖြစ်တဲ့ မိုခါ၊ ရာဂီနဲ့ မန္တလေးငလျင်ကြီး စတဲ့သုံးခုမှာ မန္တလေးငလျင်ကြီးဘေးဒဏ်က ပျက်စီးဆုံးရှုံးမှုအကြီးမားဆုံးပါ။ ၂၀၂၃ ခုနှစ်တုန်းက ရခိုင်ပြည်နယ်မှာ မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ ပျက်စီးဆုံးရှုံးမှုက ငွေကျပ် ၅၃၄ ဒသမ ၁၄၆ ဘီလျံဖိုး ဆုံးရှုံးခဲ့ရပြီး နိုင်ငံတော်အစိုးရဘက်ဂျက်က ကျပ် ၇၃ ဒသမ ၇၉၇ ဘီလျံကျော်ဖိုး ပြန်လည်ပြုပြင်ထောက်ပံ့ပေးခဲ့ရပါတယ်။ ဒီလိုပဲ ၂၀၂၄ ခုနှစ်မှာ ရာဂီမုန်တိုင်းကြောင့် ဖြစ်ပေါ်ခဲ့တဲ့ မိုးသည်းထန်စွာ ရွာသွန်းလို့ နေအိမ်ပြိုပျက် မြောပါ ပျက်စီးမှုတွေမှာ ငွေကျပ် ၄၆၆ ဒသမ ၂၃၁ ဘီလျံကျော်ဆုံးရှုံးခဲ့ရပြီး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် နိုင်ငံတော်က ငွေကျပ် ၅၄ ဒသမ ၈၀၇ ဘီလျံထောက်ပံ့ပေးခဲ့ရပြန်သေးတာပါ။ ဒီအထဲမှာ ဒီနှစ် မတ်လ ၂၈ ရက်က ဖြစ်ပေါ်ခဲ့တဲ့ မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးခဲ့ရမှုက ငွေကျပ် ဘီလျံ ၄၀၀၀ နီးပါးနဲ့ အဆိုးဆုံးဖြစ်ခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေရဆဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီးဟာ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်(၁၀)ခုက ရပ်ကွက် ၃၇၄ ခု၊ ကျေးရွာအုပ်စု ၉၄၄ စု၊ ကျေးရွာ ၂၀၈၁ ရွာ၊ အိမ်ထောင်စု ၁၆၂၁၆၇၊ လူဦးရေ စုစုပေါင်း ၅၀၆၀၆၉ ဦး ဘေးသင့်ခဲ့ရတဲ့အပြင် သေဆုံးသူ ၃၇၃၉ ဦး၊ ပျောက်ဆုံးသူ ၆၈ ဦး၊ ဒဏ်ရာရသူ ၅၁၀၄ ဦး ရှိခဲ့ပါတယ်။ နေအိမ်၊ အဆောက်အဦနဲ့ အခြားထိခိုက်ပျက်စီးမှုမှာ လူနေအိမ် ၅၁၂၁၀ လုံး၊ လမ်းလုပ်ငန်း ၄၃၁ ခု၊ တံတား ၁၀၃ စင်း၊ ရထားလမ်းပျက်စီးနေရာ ၈၃ နေရာနဲ့ရထားလမ်းတံတား ၁၁ စင်း၊ မိုဘိုင်းဆက်သွယ်ရေးစခန်း ၆၇၃၀ ခု၊ မဟာဓာတ်အားလိုင်း ၁၀ လိုင်း၊ ဓာတ်အားလိုင်းတိုင် ၃၄၃၅ တိုင်၊ ဆည်မြောင်း ၅၉၄ ခု၊ တာတမံ ၆ ခု၊ ဌာနအဆောက်အဦ ၁၁၃၃၈ လုံး၊ ဆေးရုံ ၃၈၄ ရုံ၊ ဆေးခန်း ၃၆၄ ခန်း၊ ရှေးဟောင်းအဆောက်အဦနဲ့ ပြတိုက် ၁၆၆ ခု၊ အခြေခံပညာကျောင်း ၂၄၀၉ ကျောင်း၊ အဆင့်မြင့်ပညာကျောင်း ၇၂ ကျောင်း၊ ပုဂ္ဂလိကစာသင်ကျောင်း ၉၀၊ ဘုရားစေတီ ၆၄၆၉ ဆူ၊ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းနဲ့ အခြားဘာသာရေးအဆောက်အဦ ၅၅၈၈ ခု၊ ပုဂ္ဂလိကစက်ရုံအလုပ်ရုံ ၃၄၄ ခု၊ သီးနှံ ၇၈ ဒသမ ၅ ဧက၊ တိရစ္ဆာန် ၁၃၃၇၀၀ ကောင် ထိခိုက်ပျက်စီးခဲ့ရတာကြောင့် မူလပျက်စီး ဆုံးရှုံးမှုတန်ဖိုးကတင် စုစုပေါင်းငွေကျပ် ၃၈၀၄ ဒသမ ၅၄၉ ဘီလျံအထိ ရှိခဲ့ပါတယ်။
ပြည်နယ်နဲ့ တိုင်း ၁၀ ခုကို အထိနာခဲ့သလို ဘီလျံ ၄၀၀၀ ဖိုးလောက် ထိခိုက်ပျက်စီးခဲ့တဲ့ ဒီမန္တလေးငလျင်ကြီးနဲ့ ပတ်သက်လို့ ကမ္ဘာ့ဘဏ်က သုံးသပ်ရာမှာတော့ မြန်မာ့စီးပွားရေးစောင့်ကြည့်လေ့လာမှု အစီရင်ခံစာ (Myanmar Economic Monitor -MEM) အရ ငလျင်ဘေးရဲ့ အကျိုးဆက်ကြောင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဂျီဒီပီက ၂ ဒသမ ၅ ရာခိုင်နှုန်းခန့်လျော့ကျသွားမယ်လို့ ခန့်မှန်းခဲ့ပြီး အင်အားပြင်းငလျင်ကြောင့် ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံတွေ တိုက်ရိုက်ထိခိုက် ပျက်စီးဆုံးရှုံးမှုတန်ဖိုးက အမေရိကန်ဒေါ်လာ ၁၁ ဘီလျံရှိနိုင်တယ်လို့ပါ ခန့်မှန်းထားပြီး ဒီပမာဏက မြန်မာ့ဂျီဒီပီ ၁၄ ရာခိုင်နှုန်းနဲ့ ညီမျှတယ်လို့လည်း ပြောပါသေးတယ်။
ငလျင်က ပြည်သူ စုစုပေါင်း ၁၇ သန်းခန့်အပေါ် ထိခိုက်မှုရှိခဲ့ပြီး ၉ သန်းခန့်က အတိဒုက္ခ ရောက်ခဲ့ကြရတဲ့အပြင် စက်ရုံများစွာပိတ်ရတာ၊ Supply Chain လုပ်ငန်းတွေ အကန့်အသတ်နဲ့ ကြုံတွေ့ရတာ၊ လုပ်သားရှားပါးတာ၊ အခြေခံအဆောက်အအုံများစွာ ပျက်စီးဆုံးရှုးသွားတာ အစရှိတဲ့ သက်ဆိုင်ရာကဏ္ဍအသီးသီးမှာ ကုန်ထုတ်လုပ်မှုတွေ ကမောက်ကမဖြစ်ခဲ့ရလို့ လက်ရှိဘဏ္ဍာနှစ်အတွက် စီးပွားရေးထုတ်လုပ်မှုပမာဏကလည်းအရင်ကထက် အမေရိကန်ဒေါ်လာ ၂ ဘီလျံခန့် လျော့နည်းမယ်လို့ပါ မျှော်မှန်းခဲ့ပါသေးတယ်။
ဒါ့အပြင် ငွေကြေးဖောင်းပွမှုနှုန်းကလည်း ၂၀၂၅ ခုနှစ်၊ ဧပြီလအထိ တစ်နှစ်တာကာလအတွင်း ၃၄ ဒသမ ၁ ရာခိုင်နှုန်းထိရှိခဲ့တယ်လို့ ခန့်မှန်းခဲ့သလိုဆင်းရဲ နွမ်းပါးမှုနှုန်းက ဆက်လက်မြင့်မားနေပြီး အထူးသဖြင့် ပြည်တွင်းမှာ စစ်ရှောင် ရွှေ့ပြောင်း နေထိုင်ကြရသူများစွာအကြား ဆင်းရဲနွမ်းပါးမှု မြင့်တက်နေတယ်လို့ ပြောခဲ့ပါတယ်။ ငလျင်မတိုင်ခင်က ကောက်ယူခဲ့တဲ့ Myanmar Subnational Phone Survey စစ်တမ်းအရ မြန်မာနိုင်ငံရဲ့ ဆင်းရဲ နွမ်းပါးမှုနှုန်းက ၂၀၂၄ ခုနှစ်မှာလည်း ၂၀၂၃ ခုနှစ်ကနဲ့ ထပ်တူ ၃၁ ရာခိုင်နှုန်းခန့်ရှိနေပြီး ဒီနှုန်းက ၂၀၁၇ ခုနှစ်က ခန့်မှန်းထားခဲ့တဲ့ ၂၄ ဒသမ ၈ ရာခိုင်နှုန်းထက် မြင့်မားနေသလို ငလျင်ကြောင့် အဆိုပါ ဆင်းရဲ နွမ်းပါးမှုနှုန်းကလည်း ၂ ဒသမ ၈ ရာခိုင်နှုန်းအထိ ဆက်လက်မြင့်တက်လာနိုင်တယ်လို့ မှန်းဆတွက်ချက်လေ့လာမှုက ညွှန်ပြခဲ့ပါတယ်။
“မြန်မာနိုင်ငံမှာ ဆင့်ကဲ ဆင့်ကဲ ဖြစ်နေတဲ့ အခက်အခဲ အကျပ်အတည်းတွေက အိမ်ထောင်စုတွေအတွက် ထွက်ပေါက်မဲ့စေပြီး ဆိုးရွားတဲ့ ဖိအားအောက် အရောက် တွန်းပို့သလိုဖြစ်နေပါတယ်။ ဒီလို ဖိအားတွေ ကြီးလာပြီဆိုရင် ရွေးချယ်စရာမရှိတော့ဘဲ Value-added မပါတဲ့ ရရာအလုပ်ကို ဝင်လုပ်ရပါတော့တယ်။ ဒါ့အပြင် ကလေးတွေရဲ့ ပညာသင်ယူမှု အခွင့်အလမ်းနဲ့ ရလဒ်အပေါ်လည်း သက်ရောက်မှု ရှိလာပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ ရေရှည်ဖွံဖြိုးရေး ရည်မှန်းချက်ကို ထိခိုက်လာနိုင်တဲ့ အန္တရာယ်လို ဆိုနိုင်ပါတယ်” လို့လည်း ထိုင်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းဘောဂဗေဒပညာရှင်နဲ့ အစီအစဉ်ရေးရာ အကြီးအကဲဖြစ်သူ ကင်မ်အက်ဒဝပ်စ်က ပြောကြားပါတယ်။
ဒီလို သဘာဝဘေးဆိုးတွေအပြင် ပြည်တွင်းစစ်ပွဲပဋိပက္ခတွေ၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ၊ ကုန်သွယ်ရေးနဲ့ နိုင်ငံခြားငွေကြေး လဲလှယ်မှုနှုန်းထားဆိုင်ရာ ကန့်သတ်ချက်တွေ၊ NUG, PDF နဲ့ EAOs တွေရဲ့ ဖျက်ဆီးတိုက်ခိုက်မှုတွေနဲ့ ဆက်ကြေးကောက်ခံမှုတွေ၊ ILO ရဲ့ ပိတ်ဆို့မှုတွေ အရာအားလုံးဟာ မြန်မာနိုင်ငံမှာ စုပြုံလာနေတာ တွေ့ရပြီး ဒီဘေးဆိုးအားလုံးက အချိန်တိုအတွင်း လွတ်မြောက်ဖို့ဟာ ရွေးကောက်ပွဲတစ်ခုပဲ ထွက်ပေါက်ရှိပါတယ်။ ဒီရွေးကောက်ပွဲဖြစ်မြောက်ရင် မြန်မာနိုင်ငံက အခြေခံလူတန်းစားပြည်သူတွေအပေါ် တိုက်ရိုက်ဖိစီးနေတဲ့ ပိတ်ဆို့မှုတွေ ပြေပျောက် လွန်မြောက်နိုင်စရာလည်းရှိပြီး ဒီလိုပြေပျောက်လွန်မြောက်မှုနောက်မှာ ပြောင်းပြန်အချိုးကျမှုတွေက NUG, PDF နဲ့ EAOs တွေအပေါ် သက်ရောက်လာမှာပါ။ NUG, PDF နဲ့ EAOs တွေဟာရွေးကောက်ပွဲဖြစ်မြောက်လာပြီး ဦးသိန်းစိန်အစိုးရလိုမျိုး စွမ်းဆောင်နိုင်တဲ့အစိုးရအဖွဲ့ပေါ်ထွက်လာရင် သူတို့ဘဝ နိဋိတံမှာမို့လို့ ဒီလိုအကြောက်တရားတွေနဲ့ ရွေးကောက်ပွဲ ပျက်စီးပြီး သူတို့ စားပေါက်ချောင်အောင် ဆက်လုပ်ကြမှာလည်း သတိပြုစရာပါ။ ပြည်သူလူထုအနေနဲ့လည်း တော်လှန်ရေးခေါင်းစဥ်အောက်မှာ မြန်မာနိုင်ငံကို ဖျက်ဆီးဖို့၊ ပြည်သူလူထုကျပ်တည်းဖို့ တစ်စိုက်မတ်မတ်လုပ်နေသူတွေထက် တစ်နိုင်ငံလုံး အေးချမ်းစွာ ဖွံ့ဖြိုးတိုးတက်နိုင်မယ့် အမြန်ဆုံးနည်းဖြစ်တဲ့ ရွေးကောက်ပွဲပဲ လက်ခံပြီး ကိုယ်ကျိုးရှာနေသူတွေစကား နားမယောင်သင့်တဲ့ အချိန်အခါ ရောက်သင့်နေပါပြီလို့ပဲ တိုက်တွန်းရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက် ရပ်နားပါရစေ။