
၁၄.၆.၂၀၂၅
Translated by Htwe Ko Tun
ယူနိုက်တစ်ကင်းဒမ်း (ဗြိတိန်) နိုင်ငံရဲ့ တတိယမြောက် ချားလ်စ်ဘုရင်က ဒီနှစ်အတွက် သူ့ရဲ့ မွေးနေ့ ဂုဏ်ထူး ဘွဲ့ထူးပေးအပ်မယ့်သူတွေစာရင်းမှာ အင်္ဂလန်လက်ရွေးစင်ဟောင်းနဲ့ မန်ချက်စတာယူနိုက်တက် ကလပ်အသင်းမှ ကစားသမားဟောင်းတစ်ဦးလည်းဖြစ်တဲ့ နာမည်ကျော် ဘောလုံးကစားသမားဟောင်း ဒေးဗစ်ဘက်ဟမ်းကို Sir ဘွဲ့ချီးမြှင့်ဖို့ သတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။
ချားလ်စ်ဘုရင်က ဒေးဗစ်ဘက်ဟမ်းကို အားကစားလောကမှာ ထူးချွန်ခဲ့ရုံသာမက သူ့ရဲ့ ချို့ငဲ့သူတွေကို ကူညီထောက်ပံ့မှုပြုနေမှုတွေအတွက် ခုလိုသူကောင်းဘွဲ့ ချီးမြှင့်ခဲ့တာလို့လည်းဆိုပါတယ်။ ဒါ့အပြင် ဘက်ဟမ်းက ကုလသမဂ္ဂ ကလေး သူငယ်များရန်ပုံငွေအဖွဲ့(ယူနီဆက်ဖ်) နဲ့လည်းအတူတူ မိတ်ဖက်ပြုလုပ်ကာ Malaria No More လှုပ်ရှားမှုကို ပြုလုပ်ခဲ့ပြီး ငှက်ဖျားရောဂါ အမြစ်ပြတ်ရေးအတွက် ငွေကြေးထောက်ပံ့မှုတွေပြုလုပ်ခဲ့တာပါ။
ဗြိတိန်မှာ လူသိအများဆုံးနဲ့ အဆင့်အမြင့်ဆုံးထဲက တစ်ခုဖြစ်တဲ့ အခုလို သူကောင်းဘွဲ့ ချီးမြှင့်ခံရတဲ့အတွက် အသက် ၅၀ နှစ်ရှိပြီဖြစ်တဲ့ ဘက်ဟမ်းကို အင်္ဂလန်မှာ လေးစားထိုက်တဲ့ပုဂ္ဂိုလ်တွေကို ရိုသေမှုနဲ့ခေါ်ဆိုကြရတဲ့ ‘ဆာဘွဲ့’ တပ်ပြီးအခေါ်ခံရမှာလည်းဖြစ်လို့ ဆာ ဒေးဗစ် ဘက်ဟမ်းလို့ အမည်တွင်လာတော့မှာ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ရဲ့ အောင်မြင်တဲ့ ပဲကိုင်ရှင်ဖြစ်ပြီး ဒေးဗစ်ဘက်ဟမ်းတို့ရဲ့ ၁၉၉၂ ခုနှစ် မျိုးဆက်ကို မွေးထုတ်ခဲ့တဲ့ ဖာဂူဆန်ကလည်း Sir ဘွဲ့ ရရှိခဲ့သလို ဆာမတစ်ဘတ်စ်ဘီကလည်း Sir ဘွဲ့ရဖူးပါတယ်။ ဘောလုံးသမားထဲမှာဆိုရင်တော့ ဆာဘွဲ့ရဖူးသူတွေဟာ စတန်လေ မက်သယူး၊ ဘော်ဘီချာလ်တန်၊ ဂျော့ဘ်ဟက်စ်၊ ကန်နီဒဲဂလစ်ရှ်တို့ဖြစ်ပြီး ဘက်ဟမ်းက နောက်ဆုံး ဆာဘွဲ့ရသူဖြစ်လာပါတယ်။
ဘက်ဟမ်းက ဘောလုံးအားကစားမှာဆိုရင် နိုင်ငံ့လက်ရွေးစင်အဖြစ် ၁၁၅ ကြိမ် ပါဝင်ကစားခဲ့သလို မန်ချက်စတာယူနိုက်တက်ကလပ်၊ ရီးရဲမက်ဒရစ်၊ အယ်လအေ ဂလက်ဆီ၊ PSG နဲ့ အေစီမီလန် ကလပ်အသင်းတွေအတွက် ပါဝင်ကစားခဲ့ဖူးပါတယ်။
သူက ၂၀၁၂ ခုနှစ် လန်ဒန်အိုလံပစ်ပွဲကျင်းပနိုင်ရေးမှာ အဓိကကဏ္ဍက ပါဝင်ခဲ့ပြီး ၂၀၀၅ ခုနှစ်မှာတော့ ယူနီဆက်ဖ်အဖွဲ့ရဲ့သံတမန်ဖြစ်လာခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်း ဆင်းရဲတဲ့ကလေးသူငယ်တွေကို ကူညီထောက်ပံ့နေတဲ့ ယူနီဆက်ဖ်ကလည်း ဒေးဗစ်ဘက်ဟမ်းရဲ့ ယူနီဆက်ဖ် ရန်ပုံငွေ (The David Beckham Unicef Fumd) ကို နှစ်ဖက်အကြားမိတ်ဖက်အဖြစ်တည်ရှိမှုကိုဖော်ပြဖို့ ၂၀၁၅ ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။
ဘက်ဟမ်းက ၂၀၂၄ ခုနှစ်မှာလည်း The King’s Foundation ရဲ့ သံတမန်ဖြစ်လာခဲ့ပြီး ချားလ်စ်ဘုရင်ရဲ့ ပညာရေးအစီအစဉ်နဲ့ လူငယ်တွေကို သဘာဝကိုပိုမိုကြီးမားစွာနားလည်နိုင်ဖို့ အားထုတ်မှုတွေကို အထောက်အကူပြုဆောင်ရွက်ခဲ့ပါတယ်။
ဘက်ဟမ်းရဲ့ တစ်ချိန်က အင်္ဂလန်အသင်းကစားဖေါ်ဖြစ်တဲ့ ဝိန်းရွန်းနီက “သူကတော့ ဘောလုံးအတွက်နဲ့ နိုင်ငံ့အတွက် ကြီးမြတ်တဲ့သံတမန်တစ်ယောက်ပါ။ ကျွန်တော်တို့အားလုံး သူ့ရဲ့စာနာထောက်ထားမှုရှိတဲ့ ပရဟိတလုပ်ငန်းတွေကို နှစ်အတန်ကြာတွေ့ခဲ့ရပြီ။ သူရှေ့ဆက်လုပ်နေဦးမှာလို့လည်း သေချာပြောရဲပါတယ်” လို့ ဆိုခဲ့ပါတယ်။
Ref- BBC



