
၁၄.၆.၂၀၂၅
Written by Hey Mar
ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့က ကျူရှင်သွားရင်း နေအိမ်ဆီပြန်ရောက်မလာဘဲ ပျောက်ဆုံးခဲ့တဲ့ မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာမြို့နယ်၊ ကွက်ငယ်ကျေးရွာအုပ်စု၊ ဒဟတ္တန်းကျေးရွာက အသက်(၉)နှစ်အရွယ်ကျောင်းသူ မနှင်းရတီရဲ့ ရုပ်အလောင်းကို ၄ ရက်အကြာ ဇွန်လ ၁၁ ရက်မှာ ပုပ်ပွလျက်သားပြန်တွေ့ခဲ့ပြီး ရုပ်အလောင်းပြန်လည်တွေ့ရှိချိန်ကနေ ၄၈ နာရီအတွင်း မိတ္ထီလာရဲတပ်ဖွဲ့က တစ်ရွာတည်းနေ ကျူးလွန်သူတွေကို စုံစမ်းဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်က မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာမြို့နယ်၊ ကွက်ငယ်အုပ်စု၊ ဒဟတ္တန်းကျေးရွာနေ သုဿာန်အနီး တောစပ်မှာ မသင်္ကာဖွယ်ရာ ဆာလာအိတ်အဖြူရောင်တစ်လုံးကို တစ်ရွာတည်းနေ ဆိတ်ကျောင်းသားတစ်ဦးက တွေ့ရှိလို့အကြောင်းကြားရာက ပျောက်ဆုံးနေတဲ့ ကလေးဖြစ်နေတာကို သိရရှိရပြီး ရဲက ရင်ခွဲစစ်ဆေးရာ ရွှေနားကွင်းတစ်ရံပျောက်ဆုံးနေကြောင်း သိရှိရသလို အစ်မဝမ်းကွဲတော်စပ်သူရဲ့တိုင်တန်းချက်အရ မိတ္တီလာမြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၄ နဲ့ အမှုဖွင့်အရေးယူ စုံစမ်းစစ်ဆေးဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
အမှုမှပြစ်ကျူးလွန်သူအား ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် မြို့မရဲစခန်းမှူးနဲ့ တပ်ဖွဲ့ဝင်တွေက စုံစမ်းသတင်းရယူဆောင်ရွက်ခဲ့ရာ သတင်းအရ ဒဟတ္တန်းကျေးရွာနေ စိုးမင်းအောင်နဲ့ ဇနီး မလင်းဇာနည်ဇော်(ခ)လင်းဇာနည်တို့နှစ်ဦးကို ဇွန်လ ၁၂ ရက်နေ့မှာ မသင်္ကာဖမ်းဆီးအချုပ်ရီမန်ရယူပြီး ဇွန် ၁၃ ရက်နေ့မှာ စစ်ဆေးခဲ့ရာ ၎င်းတို့နှစ်ဦးထွက်ဆိုချက်တွေအရအခင်းဖြစ်နေ့က အလုပ်အကိုင်မကောင်းတာကြောင့် စျေးသုံးရန်အခက်အခဲဖြစ်နေလို့ ၎င်းတို့ရဲ့ သားနှစ်ဦးနဲ့ အတူဆော့ကစားနေသူ နှင်းရတီ(ခ)ပိစိမကို နေအိမ်ဆီ ခေါ်လာပြီး ရွှေနားကွင်းအားတောင်းရာ မနှင်းရတီမှ “မပေးဘူး..အဘွားနဲ့တိုင်မယ်” ပြောတာကြောင့် စိုးမင်းအောင်မှ ပါးစပ်ပိတ် လည်ပင်းညှစ်ရာမှသေဆုံးသွားကြောင်း၊ ဇနီးဖြစ်သူမလင်းဇာနည်အား ဘယ်လိုလုပ်မလဲ မေးမြန်းရာ ဆာလာအိတ်နဲ့ ထည့်ပြီး သုသာန်အနီးသွားပစ်ဖို့ ပြောတာကြောင့် သေဆုံးသူမနှင်းရတီရဲ့ ရုပ်အလောင်းကို ဆာလာအိတ်အတွင်းထည့်ရာ ဇနီးဖြစ်သူမှ အိတ်ကိုကိုင်ပေးကြောင်း၊ အဲဒီနောက် တစ်ရွာတည်းနေသူတစ်ဦးထံမှ ဆိုင်ကယ်ငှားရမ်းတင်ဆောင်ပြီး စိုးမင်းအောင်မှ မောင်းနှင်ကာ မလင်းဇာနည်ဇော်မှနောက်မှ လိုက်ပါစီးကြောင်း၊ အလောင်းပါဆာလာအိတ်ကို ၎င်းတို့နှစ်ဦးမှ သုသာန်အနီးပစ်ထားခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ချက်အရ သိရတယ်လို့ သိရပါတယ်။
စစ်ဆေးပေါ်ပေါက်ချက်အရ သက်သေခံပစ္စည်းတွေကို လိုက်လံသိမ်းဆည်းပြီး ရွှေနားကွင်းတစ်ရံကြောင့် အသက်သေဆုံးခဲ့ရတဲ့ မနှင်းရတီကို သတ်ဖြတ်ပစ္စည်းရယူခဲ့သူ ပြစ်မှုကျူးလွန်သူ တရားခံ တစ်ရွာတည်းနေ စိုးမင်းအောင်နဲ့ ဇနီး မလင်းဇာနည်ဇော်(ခ)လင်းဇာနည်တို့နှစ်ဦးကို မိတ္ထီလာမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၄ နဲ့ တရားစွဲတင်နိုင်ရေးအမှုကို ခိုင်မာစွာတည်ဆောက်လျက်ရှိကြောင်းသိရှိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ ရွှေနားကပ်တစ်ရံကြောင့် အသက် သုံးနှစ်အရွယ် သမီးငယ် ခိုးယူသတ်ဖြတ်ခံရတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးတယ်။ ပြစ်မှုကျူးလွန်သူ တရားခံက ကိုယ်ဝန်ဆောင်သည် အသွင်သဏ္ဌာန်ယူထားသူတစ်ဦးလို့ စုံစမ်းတွေ့ရှိပေါ်ပေါက်တာကြောင့် ရဲတပ်ဖွဲ့ကလည်း ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်းလည်း သတင်းရရှိပါတယ်။
