
၁၄. ၆. ၂၀၂၅
Translated by Thettant
အမေရိကန်ပြည်ထောင်စုကို ရောက်ရှိလာသော ထင်ရှားကျော်ကြားသည့် မြန်မာလုပ်ငန်းရှင်တစ်ဦးဖြစ်သူ Levi Sap Nei Thang သည် ရေနံထွက်သောမြေမှ တူးဖော်ခွင့်စာချုပ်များ မြှုပ်နှံခြင်း ချမ်းသာကြွယ်၀လာစေမည်ဟု မဟုတ်မမှန် ကတိပြု၍ အမေရိကန်ရောက် မြန်မာဒုက္ခသည်များ၏ တစ်သက်တာ စုဆောင်းငွေများကို လိမ်လည်ရယူခဲ့မှုအတွက် ဒေါ်လာ ၃ ဒသမ ၂ သန်းကျော် ပေးဆောင်ရန် တာဝန်ရှိလာပြီဖြစ်သည်ဟု Courthouse News က သတင်းဖော်ပြသည်။
ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်က အမေရိကန် ခရိုင်တရားသူကြီး ဟာနန်ဗီရာက လိမ်လည်ခံရသော မြန်မာရွှေ့ပြောင်းနေထိုင်သူ တစ်ဒါဇင်ခန့်၏ စီးပွားရေးဆုံးရှုံးမှုအတွက် ဒေါ်လာ ၄၅၇,၀၀၀၊ ကျူးလွန်သည့်ပြစ်ဒဏ်အတွက် ဒေါ်လာ ၁ ဒသမ ၄ သန်းနှင့် လီဗီဆပ်နီသန်း (Levi Sap Nei Thang) ၏ ကျုးလွန်မှုအပေါ် ဒေါ်လာ ၁ ဒသမ ၄ သန်း ဒဏ်ရိုက်ခဲ့ခြင်းဖြစ်သည်။
ဟာနန်ဗီရာက “ရိုးရိုးလေးပြောရရင် သန်းရဲ့ လိမ်လည်မှုနဲ့ ရာဇဝတ်မှုကျူးလွန်မှုဟာ ကျယ်ပြန့်တဲ့ပမာဏရှိပြီး ပုံစံရော အနှစ်သာရပါ ရွံရှာဖွယ်ကောင်းကာ တရားလိုများအတွက် ကြီးမားတဲ့ စီးပွားရေးထိခိုက်နစ်နာမှုတွေကို ဖြစ်စေခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။
၂၀၀၁ ခုနှစ်တွင် အမေရိကန်သို့ ရောက်ရှိလာခဲ့သော ချင်းလူမျိုး မြန်မာရွှေ့ပြောင်းနေထိုင်သူ သန်းသည် ဖက်ရှင်၊ စာအုပ်နှင့် ရေမွှေးလုပ်ငန်းများစွာဖြင့် မြန်မာအမေရိကန်အသိုင်းအဝိုင်းတွင် လူသိများသူတစ်ဦးဖြစ်သည်။ ၂၀၁၈ ခုနှစ်မှစ၍ သူမသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုဆိုင်ရာ ငှားရမ်းလုပ်ကိုင်ခွင့်များကို ဝယ်ယူခဲ့သော်လည်း မည်သည့်အခါမျှ မလုပ်ကိုင်ခဲ့ဘဲ အင်္ဂလိပ်စကားနှင့် စက်မှုလုပ်ငန်းဆိုင်ရာ ဗဟုသုတနည်းပါးသော အလုပ်သမားလူတန်းစား မြန်မာဒုက္ခသည်များထံသို့ မြင့်မားသောဈေးနှုန်းဖြင့် ပြန်လည်ရောင်းချခဲ့သည်။
တရားလိုများက သန်း၏ Facebook တိုက်ရိုက်ထုတ်လွှင့်မှုများမှတစ်ဆင့် ဆွဲဆောင်ခံခဲ့ရကြောင်း ပြောကြားခဲ့သည်။ ထိုထုတ်လွှင့်မှုများတွင် သူမသည် ပြည်တွင်းကျွမ်းကျင်မှုရှိသည်ဟုဆိုကာ အသိုင်းအဝိုင်းကို အထောက်အကူပြုမည့် အခွင့်အလမ်းများအဖြစ် ရင်းနှီးထုတ်လုပ်မှုစရိတ်ဖြင့် ရောင်းချကြောင်း ပြောကြားခဲ့သည်။
ထိုကဲ့သို့သော တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုတွင် သန်းက “အမေရိကန်ရေနံဈေးကွက်မှာ ကျွန်မက မြန်မာပြည်က တစ်ဦးတည်းသောသူပါ။ ဒါကြောင့် သင်တို့ မြန်မာပြည်ကဆိုရင်… ရေနံမြေ ဝယ်ဖို့စိတ်ဝင်စားရင် ကျွန်မ မှတ်ပုံတင်ပေးပါမယ်…” ဟု ပြောခဲ့သည်။
ထို့အပြင် သူမသည် အလားအလာရှိသော ရင်းနှီးမြှုပ်နှံသူများကို “ကျွန်မ ဝယ်တုန်းက ပေးခဲ့တဲ့ဈေးနဲ့ အတူတူ ပြန်ပေးပါမယ်။ အကျိုးအမြတ်အတွက် ပိုက်ဆံမလိုအပ်ပါဘူး။ လုံးဝမလိုပါဘူး” ဟု ဆွဲဆောင်ခဲ့သည်။
ဖေဖော်ဝါရီလက ပြုလုပ်ခဲ့သော တရားခွင်တွင် ပြုပြင်ရေးသမားများ၊ သန့်ရှင်းရေးသမားများနှင့် စားသောက်ဆိုင်ဝန်ထမ်းများအဖြစ် လုပ်ကိုင်နေသော မြန်မာဒုက္ခသည်များက ၎င်းတို့သည် သန်း၏ကျွမ်းကျင်မှုနှင့် အသိုင်းအဝိုင်းတွင် သူမ၏ ဂုဏ်သိက္ခာကြောင့် ဆွဲဆောင်ခံခဲ့ရကြောင်း ထွက်ဆိုခဲ့သည်။ ၎င်းတို့သည် မြေငှားရမ်းမှုများကို ဝယ်ယူခြင်းမဟုတ်ဘဲ မြေများကို ဝယ်ယူခြင်းဖြစ်ပြီး သူမက သဘောရိုးဖြင့် ကုန်ကျစရိတ်အတိုင်း ရောင်းချခြင်းဖြစ်ကာ သန်းနှင့် သူမ၏အစ်ကိုက တူးဖော်ရေးအတွက် ကူညီပေးမည်ဟု ယုံကြည်ခဲ့ကြသည်။
တရားသူကြီးက “တရားလိုများ၊ အင်္ဂလိပ်စာ အရည်အချင်းနည်းပါးသော ပထမမျိုးဆက် ရွှေ့ပြောင်းနေထိုင်သူများ အများစုမှာ အမေရိကန်ပြည်ထောင်စုတွင် တရားဝင်ပညာရေးမရှိသူများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းအကြောင်း ဗဟုသုတမရှိသူများ၊ သန်း၏ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းတွင် ကျွမ်းကျင်မှုရှိသည်ဟု ဆိုခြင်းနှင့် ၎င်းတို့၏ ဝယ်ယူမှုများ၏ တန်ဖိုးအပေါ် အားကိုးခဲ့ကြသည်။ အမှန်စင်စစ် သန်းသည် တရားလိုအချို့အား ၎င်းတို့၏ ငှားရမ်းမှုများမှ အကျိုး အမြတ်ရရှိစေရန် ကူညီပေးမည်ဟု ပြောကြားခဲ့သည်” ဟု ပြောကြားခဲ့သည်။
ရလဒ်အနေဖြင့် တရားလိုများသည် ၎င်းတို့၏ စုဆောင်းငွေများကို အကုန်အစင် သုံးစွဲခဲ့ကြသော်လည်း မလုပ်ကိုင်နိုင်သော ရေနံနှင့် သဘာဝဓာတ်ငွေ့မြေငှားရမ်းမှုများသာ ရရှိခဲ့သည်။ နှစ်စဉ် မြေငှားရမ်းမှုဆိုင်ရာ အိမ်ခြံမြေခွန်များကို မပေးနိုင်တော့သဖြင့် များစွာသောသူတို့ လုပ်ငန်းလက်ဝယ်ထားရှိမှု ရပ်ဆိုင်းခဲ့ကြပြီး ငှားရမ်းမှုများကို နောက်ဆုံးတွင် ပြည်နယ်များက ပြန်လည်သိမ်းဆည်းခဲ့သည်။
တရားသူကြီး၏ တွေ့ရှိချက်များအရ သန်းသည် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းတွင် တရားဝင်လေ့ကျင့်မှုမရှိကြောင်း၊ စွမ်းအင်ကုမ္ပဏီရုံးခန်းများသို့ သွားရောက်ခြင်း၊ မဂ္ဂဇင်းများဖတ်ခြင်းနှင့် ရေနံမြေရှိ လူများနှင့် စကားပြောဆိုခြင်းဖြင့် မိမိကိုယ်ကို ပညာပေးခဲ့ကြောင်း တရားခွင်တွင် ထွက်ဆိုခဲ့သည်။
သူမသည် တူးဖော်ရန် မည်သူ့ကိုမျှ မငှားရမ်းဖူးဘဲ မည်သည့်အခကြေးငွေမျှ မပေးဖူးကြောင်းလည်း ထွက်ဆိုခဲ့သည်။ သို့သော် သူမ၏ တိုက်ရိုက်စစ်ဆေးမေးမြန်းမှုကို မပြီးမီ သန်းသည် မိမိကိုယ်ကို အပြစ်ဝန်ခံစေမည့် အခွင့်အရေးကို ခုခံကာကွယ်ရန် အခြေခံဥပဒေ ပဉ္စမပြင်ဆင်ချက် (Fifth Amendment privilege against self-incrimination) ကို ကိုးကားခဲ့သည်။
သန်း၏ရှေ့နေကမူ ဗီရာ၏ အမိန့်ကို ကန့်ကွက်ရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။ ထို့အတူ လူမှုကွန်ရက်တွင်လည်း လီဗီဆပ်နီသန်းက” ကျမကို တရားစွဲတဲ့ ခေါင်းဆောင်က ဦးကျော်ဌေး ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၄ နှစ် သမ္မတဘိုင်ဒင်လက်ထက်မှာ ဘိုင်ဒင်က ရေနံလုပ်ကွက် ပိတ်လိုက်လို့ ကန်ရေနံလုပ်ငန်းအားလုံး ဘာမှလုပ်လို့ မရပါဘူး။ ပါမစ်တွေ ပိတ်ပါတယ်။ ဒါဟာ လူသိရှင်ကြား ဖြစ်ပါတယ်။ လိမ်လည်တာ မဟုတ်ပါ။ ထို ၄ နှစ်အတွင်းမှာ ဘာလုပ်ခွင့်မှ မရှိတာကို ကျမမှ လိမ်ပါတယ်ဆိုပြီး တရားစွဲလာတဲ့အခါမှာ ဒီမိုပါတီပြည်နယ် ကယ်လီဖိုးနီးယားကို ရွေးချယ်ကြပါတယ်။ တရားသူကြီးကလဲ ဘိုင်ဒင်ကိုယ်တိုင်ခန့်ခဲ့သူ ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် နှစ်ကုန်ခါနီး သမ္မတထရမ့် ရွေးခံလာတဲ့အခါ ရေနံမြေလုပ်ကွက်ကို ပြန်လည်ဖွင့်လာပါတယ်။ ဦးကျော်ဌေးဝယ်တဲ့အကွက်ကို ဦးကျော်ဌေးမှ ရေနံတူးခ တစ်ပြားမှ ပေးစရာမလိုဘဲ တူးနေပါပြီ။ ရေနံတူးသူမှ ဦးကျော်ဌေးကို ရာခိုင်နှုန်းနဲ့ ပေးခဲ့ပါတယ်။ သိုသော် ဦးကျော်ဌေးမှ ဦးဆောင်၍ ကျမမှ လိမ်လည်ပါတယ်လို့ တရားစွဲပြီးသွားပြီမို့ ဦးကျော်ဌေးရရှိမယ့်လုပ်ကွက်ကို ဦးကျော်ဌေးမရတော့ဘဲ ဥပဒေအရ ရေနံတူးသူမှ ရာနှုန်းပြည့်ရတော့မှာ ဖြစ်ပါတယ်။ ကျမကို မကောင်းကြံသူက ဘာမှ မရတော့ပါဘူး။ ကျမဖက်မှ လိမ်လည်ခြင်း တခုမှ မရှိခဲ့ပါ။ သမ္မတဘိုင်ဒင်မှာ လုပ်ငန်းပိတ်ခဲ့ခြင်းသာ ဖြစ်ပါတယ်။ ဇာတ်လမ်း တခုချင်းစီ ထွက်လာပါမယ်(သတ်ပုံမူရင်း)”ဟု ယနေ့ ရေးသားတုံ့ပြန်ထားသည်။
Ref, Courthouse News & Levi Sap Nei Thang Facebook

