
၁၄.၆.၂၀၂၅
Translated by Htwe Ko Tun
ကမ္ဘောဒီးယားအစိုးရက သူ့ရဲ့ တပ်ဖွဲ့တွေကို အဆင့်အမြင့်ဆုံး အပြည့်အဝ တပ်လှန့်ထားဖို့နဲ့ ထိုင်းရုပ်မြင်သံကြားဇာတ်လမ်းတွေကိုကြည့်ရှုခြင်းမပြုကြဖို့ ပိတ်ပင်တဲ့ အမိန့်တစ်ရပ်ကို ဇွန်လ ၁၃ ရက်က ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယားတို့အကြား နယ်စပ်အငြင်းပွားမှု နောက်ဆုံးအကြိမ် ဖြစ်ပွားခဲ့ရာမှာ နှစ်ဖက်တပ်ဖွဲ့တွေအပြန်အလှန်ပစ်ခတ်မှုအတွင်း မေလ ၂၈ ရက်က ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့တဲ့အထိ ကတောက်ကဆတ် ဖြစ်ခဲ့ကြပါတယ်။
နှစ်ဖက်တင်းမာမှုတွေ လျော့ကျရေးကို ဦးတည်ပြီး ထိုင်းနဲ့ ကမ္ဘောဒီးယားအကြား ဇွန်လ ၁၄ ရက်မှာ စတင်ကျင်းပမယ့် ခြောက်ကြိမ်မြောက် ပူးတွဲနယ်စပ်ကော်မရှင်အစည်းအဝေးမစတင်ခင်မှာဘဲ ကမ္ဘောဒီးယားအစိုးရက ထိုင်းနိုင်ငံကိုဖြတ်ပြီးဆက်သွယ်ထားတဲ့ အင်တာနက်လိုင်းတွေကို ဖြတ်တောက်ခဲ့ပြီး အဓိကနယ်စပ်ဖြတ်ကျော်ဂိတ်တစ်ခုကိုလည်း ပိတ်ခဲ့ပါတယ်။ ဒါ့ပြင် ကမ္ဘောဒီးယားအစိုးရက နယ်စပ်ဒေသ Mom Bei နယ်မြေမှာရှိတဲ့ အငြင်းပွားနေတဲ့ ဘုရားကျောင်းသုံးခု ကိစ္စကိုလည်း အစည်းအဝေး အစီအစဉ်က ထုတ်ပယ်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) ကို တင်ပြသွားမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံကတော့ ဒီကိစ္စကို နှစ်နိုင်ငံအကြား ဆွေးနွေးဖြေရှင်းဖို့ တွန်းအားပေးနေတာပါ။
မေလ ၂၈ ရက်ကဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုကတော့ ကမ္ဘောဒီးယား၊ ထိုင်းနဲ့ လာအို သုံးနိုင်ငံဆက်စပ်နေတဲ့ မြတြိဂံ (Emerald Triangle) ဒေသအတွင်း ဖြစ်ခဲ့ရတာဖြစ်ပြီး ကမ္ဘောဒီးယားစစ်သားတစ်ဦး ကျဆုံးခဲ့ပါတယ်။
ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ကလည်း ကမ္ဘောဒီးယားပြည်သူတွေကို ထိုင်းကုန်ပစ္စည်းတွေကိုသုံးစွဲမှုမပြုဘဲ သပိတ်မှောက်ကြဖို့နဲ့ ထိုင်းမှဆက်သွယ်ထားတဲ့ အင်တာနက်လိုင်းအားလုံးဖြတ်တောက်ဖို့ ဇွန်လ ၁၃ ရက်မှာ ပြောခဲ့ပါသေးတယ်။ ဒါ့ပြင် ထိုင်းအာဏာပိုင်တွေက နယ်စပ်တင်းကျပ်ဖို့ ပြဌာန်းထားတာတွေကို ဖြေလျှော့မှု ပြန်လုပ်မပေးရင် ကမ္ဘောဒီးယားအစိုးရက ထိုင်းမှသွင်းကုန်အားလုံးရပ်တန့်မယ်လို့ သတိပေးခဲ့ပါတယ်။
ဟွန်ဆန်က ကမ္ဘောဒီးယားတပ်ဖွဲ့တွေကိုလည်း ၂၄ နာရီအသင့်အနေအထားရှိကြဖို့နဲ့ ကျူးကျော်ရန်စမှုကို ကာကွယ်ကြဖို့ ပြောခဲ့ပါတယ်။ ထိုင်းက နယ်စပ်ကန့်သတ်မှုတွေ ဖြေလျှော့ပေးမှ ကမ္ဘောဒီးယားအနေနဲ့ နယ်စပ်ပိတ်ဆို့မှုတွေပြန်ဖွင့်မယ်လို့လည်း ဆိုခဲ့ပါတယ်။ တခြား လူမှုကွန်ရက် ပို့စ်တစ်ခုမှာတော့ ဟွန်ဆန်က ထိုင်းလယ်သမားတွေကို ထိုင်းစစ်တပ်ကို ဆန္ဒပြကြဖို့ အားပေးလှုံ့ဆော်ခဲ့ပါသေးတယ်။
နှစ်ဖက်အာဏာပိုင်တွေက အငြင်းပွားနယ်မြေအတွင်းမှာ ထိပ်တိုက်တွေ့ဆုံမှုတွေ ထပ်မဖြစ်ရစေဖို့ နှစ်ဖက်တပ်ဖွဲ့တွေကို မူလနေရာတွေကို ပြန်လည်ဆုတ်ခွာနေရာချကြဖို့ ဇွန်လ ၈ ရက်က သဘောတူခဲ့တာပါ။ ဒါပေမယ့် အဲဒီထဲက ထိုင်းအာဏာပိုင်တွေက နယ်စပ်ဖြတ်ကျော်မှုတွေကို ပိတ်ထားခဲ့ပြီး ထိန်းချုပ်တင်းကျပ်မှုတွေ ပြုလုပ်ထားတာပါ။
အငြင်းပွားနေတဲ့ နယ်စပ်ဒေသနယ်မြေကို ကမ္ဘောဒီးယားဘက်က ပိုင်တယ်လို့ ICJ က ၂၀၁၃ ခုနှစ်က ဆုံးဖြတ်ခဲ့ပေမယ့် ထိုင်းက လက်မခံဘဲ ထိုင်းနိုင်ငံပိုင်အဖြစ်သာ သတ်မှတ်ထားပါတယ်။ ဒီနယ်မြေထဲမှာ ရှေးဟောင်းဟိန္ဒူဘုရားကျောင်းတွေလည်းရှိတာပါ။
Ref- CNA

