၂၈. ၁. ၂၀၂၃
Written by Ye Kyaw

ကိုဗစ်ကပ်ရောဂါနှင့် နိုင်ငံရေးအခြေအနေများကြောင့် ကြန့်ကြာခဲ့သည့် ရွှေဘိုပေါ်ဆန်းအား ဒေသဆိုင်ရာအညွှန်း GI (Geographical Indication) ရရှိရေး စတင်ဆောင်ရွက်နေပြီး ပြည်တွင်းဈေးကွက်အပြင် ပြည်ပဈေးကွက်များကိုပါ တင်ပို့နိုင်သည်အထိ ရည်မှန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့ရွှေဘိုပေါ်ဆန်းမွှေး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။

“ကျွန်တော်တို့က လောလောဆယ်တော့ မှန်တာပြောရင် ပြည်တွင်းဈေးကွက်က ဒေသတွင်းမှာတော့ နာမည်ရှိပြီးသား သို့သော်လည်း ပြည်တွင်း Market လို့ ပြောပေမဲ့ တစ်နိုင်ငံလုံးကို ထိထိရောက်ရောက် အောက်ခြေအထိ မရောက်သေးဘူး။ ပြည်တွင်း Market ကိုလည်းပါတယ်။ GI က ပြည်တွင်း GI ကိုပဲ လောလောဆယ် အရင်ရမယ်။ ‌နောက်မှ နိုင်ငံတကာမူပိုင်ခွင့်ဌာနကနေ GI လည်းရနိုင်အောင် လုပ်မယ်။ ရည်မှန်းတာတော့ နောက်တချိန်မှာ ပြည်ပဈေးကွက်အထိ ရည်မှန်းထားတာပါ” ဟု ရွှေဘိုပေါ်ဆန်းမွှေး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောကြားသည်။

ယင်းကဲ့သို့ GI ရရှိရေး ဆောင်ရွက်မှုအတွက် ၂၀၁၆ ခုနှစ်ကစတင်ပြီး Survey များပြုလုပ်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၂ ခုနှစ်အထိ စီမံကိန်းကာလ သုံးနှစ်သတ်မှတ်ခဲ့ခြင်းဖြစ်သော်လည်း ကိုဗစ်ကပ်‌ရောဂါနှင့် လက်ရှိနိုင်ငံရေးအခြေအနေများကြောင့် ကြန့်ကြာမှုများရှိခဲ့ကြောင်း သိရသည်။

“၂၀၂၀ ထဲက စီမံကိန်းစတာ။ ၂၀၂၀ ကနေ ၂၀၂၂ အထိ သုံးနှစ်ရှိသွားပြီ။ စီမံကိန်းက သုံးနှစ်ပဲလျာထားတာ၊ ဒါပေမဲ့ ကိုဗစ်နဲ့ကျန်တဲ့အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် စီမံကိန်းက ထိထိ‌ရောက်ရောက် မဆောင်ရွက်နိုင်ဘဲ။ အခုဆက်ပြီးသက်တမ်းတိုးထားတာပေါ့” ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်တွင် GI ရရှိရေးအတွက် ၂၀၁၅ ခုနှစ်ကစတင်ပြီး တောင်သူ၊ ကုန်သည်၊ စက်ပိုင်များအားလုံးပါဝင်သည့် အသင်းအဖွဲ့ ဖွဲ့စည်းခြင်း၊ အသင်းအဖွဲ့မှတ်ပုံတင်ခြင်း၊ GI ရရှိထားသည့် ရွှေဘိုပေါ်ဆန်း မြေဧရိယာများ သတ်မှတ်ခြင်း စသည်တို့ကို ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ထုတ်ကုန်များကို အဆင့်ဆင့်ရွေးချယ်၍ အလားအလာ အကောင်းဆုံးထုတ်ကုန် ၁၀ ခုအနက် ပထမဆုံးအနေဖြင့် ရွှေဘိုပေါ်ဆန်းကို ဒေသဆိုင်ရာအညွှန်း GI (Geographical Indication) အဖြစ် စတင်ရရှိနိုင်ရန် ရွေးချယ်ဆောင်ရွက်သွားခဲ့ခြင်းဖြစ်ပြီး ရွှေဘိုပေါ်ဆန်းသာမက မြန်မာနိုင်ငံအတွင်းရှိ အ‌ခြားသော ဒေသထွက်ကုန်များသည်လည်း အလားအလာရှိသော ထုတ်ကုန်များဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ သိရသည်။

လက်ရှိတွင် ပြည်တွင်းစားသုံးသည့် ရွှေဘိုပေါ်ဆန်းနှင့် အခြားသော ပေါ်ဆန်းအမျိုးအစားများ ဝင်ရောက်မှုနည်းလာ၍ ဈေးနှုန်းများ မြင့်တက်လျက်ရှိပြီး လက်လီဈေးကွက်တွင် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၁၂၀,၀၀၀ အထိ ဈေးနှုန်းတက်လာကြောင်း ဆန်ရောင်းသူများ၊ ဆန်လက်လက်လီရောင်းချသူများထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *