◾️ ဝမ်းဗိုက်တွင် ဓားဒဏ်ရာအချက်ပေါင်း ၆၀ကျော်နှင့် လည်ပင်းတွင်လည်း ဓားဒဏ်ရာများတွေ့ရှိခဲ့ရ

၂၈. ၁. ၂၀၂၃
Written by Nay Aung

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားတစ်ဦးသည် အရက်ဖြတ်ပြီးနောက် စိတ်ကယောင်ခြောက်ခြားဖြစ်ပွားကာ ဝမ်းဗိုက်နှင့် လည်ပင်းတို့ကို ဓားဖြင့်ထိုးသွင်းပြီး သတ်သေခဲ့ကြောင်းနှင့် အဆိုပါမြန်မာနိုင်ငံသား၏ ဝမ်းဗိုက်တွင် ဓားဒဏ်ရာအချက်ပေါင်း အနည်းဆုံး ၆၀ ကျော်ရှိခဲ့ပြီး လည်ပင်းတွင်လည်း ဓားဒဏ်ရာကိုတွေ့ရှိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့တာဝန်ရှိသူများက ပြောသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Phasi Charoen ရဲစခန်းမှတာဝန်ရှိသူများသည် Bang Wa ရပ်ကွက် လူသေမှုဖြစ်ပွားသည့်ဆိုသောသတင်းကို လက်ခံရရှိခဲ့ပြီးနောက် အခင်းဖြစ်ပွားရာ အမှတ် No. 60/26 Soi Petchkasem ရှိ လေးထပ်တိုက်အဆောက်အဦကို သွားရောက်စစ်ဆေးခဲ့ရာ ၃ ထပ်အလွှာရှိအခန်းထဲတွင် မြန်မာနိုင်ငံသား စိုင်းပို ဆိုသူကို ဒဏ်ရာများဖြင့်သွေးအိုင်ထဲတွင် အဝတ်ဗလာဖြင့် လဲကျသေဆုံးနေခြင်းကို တွေ့ရှိခဲ့သည်။

သေဆုံးခဲ့သူသည် အသက် ၃၈ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား စက်ချုပ်သမားတစ်ဦးဖြစ်ကာ ထိုင်းနိုင်ငံတွင် နှစ်အတန်ကြာအလုပ်လုပ်ကိုင်နေသော အရက်သမားတစ်ဦးဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ကဆိုသည်။ ထိုင်းရဲတပ်ဖွဲ့သည် အဆိုပါသေဆုံးမှုနှင့်ပတ်သက်ပြီး အဆောက်အဦတွင်နေထိုင်သော ၎င်း၏သူငယ်ချင်းမိတ်ဆွေဖြစ်သော မြန်မာနိုင်ငံသား ၄ ဦး၊ ၅ ဦးကို စုံစမ်းမေးမြန်းခဲ့ရာ စိုင်းပိုဆိုသူသည် အရက်သမားတစ်ဦးဖြစ်ပြီး အရက်သောက်ခြင်းကို အစိမ်းလိုက်ဖြတ်ရန် ကြိုးပမ်းခဲ့ရာ အခင်းဖြစ်ပွားသော ဇန်နဝါရီ ၂၇ ရက်နေ့မတိုင်ခင် ၃ ရက်၊ ၄ ရက်ခန့်အရက်မသောက်ဘဲနေထိုင်ခဲ့သူဖြစ်ကြောင်း ၎င်း၏သူငယ်ချင်းများက ပြောဆိုသည်။

အခင်းဖြစ်ပွားသောညတွင် စိုင်းပို၏အခန်းအတွင်းမှ စကားပြောသံများ၊ အော်ဟစ်သံများကို ကြားရသောကြောင့်သွားကြည့်ခဲ့ရာ စိုင်းပိုသည် အခန်းထဲတွင်တစ်ဦးတည်းထိုင်နေကာ စကားပြောဆိုနေသည်ကို တွေ့မြင်ခဲ့ကြောင်း ကွယ်လွန်သွားခဲ့သော ၎င်း၏မိခင်ဖြစ်သူနှင့်စကားပြောနေခြင်းဖြစ်သည်ဟု ပြန်လည်ပြောဆိုခဲ့ကြောင်း ၎င်း၏သူငယ်ချင်းများကပြောသည်။

စိုင်းပို၏ အခန်းထဲကိုဝင်သွားချိန်တွင် မောင်းထုတ်ခြင်းကိုခံခဲ့ရကြောင်း၊ ၎င်း၏လက်ထဲတွင် သစ်သီးလှီးဓားကို ကိုင်ဆောင်ထားခြင်းကိုတွေ့မြင်ခဲ့ကြောင်း၊ စိုင်းပို၏ သူငယ်ချင်းများကပြန်လည်ပြောဆိုခဲ့သည်။

၎င်းတို့က “စိုင်းပိုဟာ ကျွန်တော်တို့ အခန်းထဲဝင်ရောက်ချိန်မှာ အခန်းထဲက ထွက်ဖို့ မောင်းထုတ်ခဲ့တယ်။ သူ့ရဲ့မိခင်မကြိုက်ဘူးလို့လည်း ပြောခဲ့တယ်။ ဒါကြောင့်ကျွန်တော်တို့ အားလုံးအခန်းထဲက ထွက်ခဲ့တယ်။ မနက်မိုးလင်းလို့ စိုင်းပိုကိုလာရောက်ကြည့်ရှုချိန်မှာ သေဆုံးလျက်တွေ့ရှိခဲ့တယ်” ဟု ဆိုထားသည်။

ထိုင်းရဲတပ်ဖွဲ့သည် အဆောက်အဦ၏ စီစီတီဗွီများကို စစ်ဆေးခဲ့ရာ စိုင်းပိုသေဆုံးသော ညက ၎င်းတစ်ဦးတည်းရှိနေခြင်းကို တွေ့ရှိခဲ့ကြောင်း၊ အရက်ကို နှစ်ချီသောက်သုံးခဲ့ပြီးနောက် ရုတ်တရက်နားလိုက်ချိန်တွင် စိတ်ကယောင်ခြောက်ခြားဖြစ်ကာ သတ်သေသွားခြင်းဖြစ်ဖွယ်ရှိနေကြောင်း ထိုင်းမီဒီယာများက ဖော်ပြခဲ့သည်။

ref- dailynews.co.

Leave a Reply

Your email address will not be published. Required fields are marked *