၂၈. ၁. ၂၀၂၃
Written by Tha Doe

မြန်မာနိုင်ငံသားများ၏ မျှော်မှန်းသက်တမ်းမှာ အိမ်နီးချင်းနိုင်ငံများတွင် အနိမ့်ဆုံးဖြစ်နေပြီး လာအိုနှင့် ဘင်္ဂလားဒေ့ရှ်ပင် မြန်မာထက်မြင့်နေကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

Worldometers ၏ ၂၀၂၀ ပြည့်နှစ်စာရင်းများအရ မြန်မာနိုင်ငံသားများ၏ ပျမ်းမျှသက်တမ်းမှာ ၆၇ ဒသမ ၈ နှစ်သာဖြစ်ပြီး အမျိုးသမီးများမှာ ပျမ်းမျှသက်တမ်း ၇၀ ဒသမ ၈ နှစ် ရှိကာ အမျိုးသားများမှာမူ ၆၄ ဒသမ ၆ နှစ်ခန့်သာရှိပြီး ပြည်သူ့အင်အားဦးစီးဌာန၏ ၂၀၂၁ ခုနှစ် တွက်ချက်မှုများအရ မြန်မာနိုင်ငံသားတစ်ဦး၏ မျှော်မှန်းသက်တမ်းမှာ ၆၇ ဒသမ ၄ နှစ်သာရှိနေသည်။ အဆိုပါ မျှော်မှန်းသက်တမ်းမှာ အာရှတိုက်တွင်သာမက ကမ္ဘာတွင်ပါ အနိမ့်ဆုံးစာရင်းတွင် ဖြစ်နေပြီး မြန်မာနိုင်ငံထက် မျှော်မှန်းသက်တမ်းနိမ့်ပါးသည့်နိုင်ငံ ၄၀ ခန့်သာ ကျန်ရှိနေသည်။

“ကျန်းမာရေးနဲ့ ပတ်သက်တာ၊ ကိုဗစ်ကြောင့်ဖြစ်တာမှာ တော်တော်များများလည်း ဆုံးရှုံးမှုတွေ ရှိပါတယ်။ နဂိုကကိုမှ ကျွန်တော်တို့ဆီမှာ Life Expectancy မှာလည်း ကျွန်တော်တို့က ၇၀ လောက်ပဲရှိတယ်။ တော်တော်နည်းပါတယ်။ အိမ်နီးနားချင်း တိုင်းပြည်ထဲမှာ ကျွန်တော်တို့ အနိမ့်ဆုံးဖြစ်ပါတယ်။ Life Expectancy အနိမ့်ဆုံးဖြစ်တယ်။ လာအိုကျွန်တော်တို့ထက်မြင့်တယ်။ ဘင်္ဂလားဒေ့ရှ် ကျွန်တော်တို့ထက် မြင့်တယ်။ တွက်နည်း၊ ချက်နည်းတွေတော့ အမျိုးမျိုးရှိတာပေါ့၊ ဘယ်လိုပဲ တွက်နည်း ချက်နည်းတွေ ရှိ ရှိပါ။ လက်တွေ့မှာ ကျွန်တော်တို့ တစ်ကယ် အသက်ရှည်တဲ့သူဖြစ်ဖို့ လိုတယ်။ ကျန်းမာတဲ့သူဖြစ်ဖို့ လိုတယ်။ ကျန်းမာဖို့ဆိုရင် တစ်အချက် စားရေးသောက်ရေး အဆင်ပြေဖို့လိုတယ်။ နှစ်အချက် နေရေးထိုင်ရေး အဆင်ပြေဖို့လိုတယ်။ ဒီလို စားရေးသောက်ရေး၊ နေရေးထိုင်ရေးအဆင်ပြေဖို့ဆိုရင် အလုပ်အကိုင်အခွင့်အလမ်း ရှိရမယ်။ အတန်းပညာရှိရမယ်။ ဒီနှစ်ခုကျွန်တော်တို့ မဖန်တီးပေးနိုင်လို့ရှိရင် ဒီကျန်းမာရေးမှာလည်း ကျွန်တော်တို့ အားနည်းချက်တွေ အများကြီးရှိမှာဖြစ်တယ်။ ဘယ်လောက်ပဲ ကာကွယ်ဆေးတွေထိုးပေးပါ။ ခင်ဗျားတို့ မရပါဘူး။ မဖြစ်နိုင်ဘူး။ ကာကွယ်ဆေးတွေ ထိုးပေးတဲ့ကြားထဲကပဲ ကိုဗစ်ဖြစ်ကြတာပဲ။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ကတော့ ဒီ လူနေမှုစနစ်ကို မြှင့်တင်နိုင်မှသာ ကျန်းမာရေးကလည်း မြင့်တက်လာမယ်ဆိုတာကို သွားတွေ့ပါတယ်” ဟု SAC ဥက္ကဋ္ဌက ပြောကြားသည်။

ထိုသို့ လူနေမှုစနစ်မြှင့်တင်နိုင်ရန် စီးပွားရေးကောင်းမွန်အောင် လုပ်ဆောင်ရမည်ဖြစ်ပြီး စီးပွားရေးကောင်းရန်အတွက်လည်း အတန်းပညာများ အတတ်ပညာများရှိရန် လိုအပ်သည်ကို တွေ့ရှိရသဖြင့် ကျောင်းနေသူများအနေဖြင့် အနည်းဆုံးအားဖြင့် အလယ်တန်းအဆင့် အောင်မြင်ရမည့် KG+9 အဆင့်ရှိရမည်ဖြစ်ပြီး အလယ်တန်းအဆင့်အောင်မြင်သူများကို စက်မှုစိုက်ပျိုးမွေးမြူရေးပညာများ သင်ပေးမည့် Vocational Training ကျောင်း ၅၀ ကို ဖွင့်လှစ်ပေးမည်ဟုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

“စီးပွားရေးကောင်းဖို့ဆိုရင်လည်း အတန်းပညာ၊ အတတ်ပညာတွေ ရှိအောင်လုပ်ပေးရမယ်။ ဒီလိုသွားရမယ်။ ဒါကြောင့် ကျွန်တော်တို့က အတန်းပညာနဲ့ပတ်သက်ရင် အနည်းဆုံးတော့ KG+9 ကိုသွားဖို့လိုတယ်။ KG+9 ဖြစ်လာပြီဆိုလို့ရှိရင် Vocational Training အနိမ့်ဆုံးသွားလို့ရပြီ၊ ဒါကြောင့် စက်မှုစိုက်ပျိုးမွေးမြူရေး ကျောင်းလေးတွေ ခရိုင်အလိုက်ဖွင့်ပေးမယ်။ အဲ့ဒီကနေပြီးတော့ ပထမဦးဆုံး ကျောင်း ၅၀ ပေါ့၊ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ကျွန်တော်တို့တစ်တွေ ပညာတတ်ဖို့ လိုတာပဲ။ ပညာရေးအတွက် ရင်းနှီးမြှုပ်နှံမှုကို ကျွန်တော်တို့ ပေးရဲပါတယ်။ ပေးလည်း ပေးနိုင်ပါတယ်။ ပေးလည်း ပေးရဲပါတယ်။ ကျောင်း ၅၀ ကနေပြီး တော့ ခရိုင်အားလုံး၊ ခရိုင်ကနေပြီးတော့ အဓိကကျတဲ့ မြို့နယ်တွေပါ ကျောင်းတွေ တိုးချဲ့ပြီး ဖွင့်လာပြီးတော့မှ။ သူ့ရဲ့ အခြေခံလုပ်နိုင်တဲ့ဟာတွေကို ကျွန်တော်တို့ သွားကြရမယ်” ဟု ဆက်လက်ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *