
၃.၆.၂၀၂၅
Written by Phyo Wei
အာဆီယံဟာ မြန်မာ့ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကန့်ကွက်တားဆီးတာမျိုး မလုပ်ဆောင်ဘူးလို့ ထုတ်ပြောလာသလို SAC အစိုးရနဲ့ ဆွေးနွေးဖို့ ကိုယ်စားလှယ်အဖွဲ့စေလွှတ်မယ့်အပြင် မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းအထူးကိုယ်စားလှယ်ကိုလည်း သုံးနှစ်အထိ သက်တမ်းတိုးဖို့ အဆိုပြုလာတဲ့ ဒီရက်သတ္တပတ်မှာ အာဆီယံကြောင့်ပဲ တပ်မတော်က တပ်စခန်းတွေ ဆက်တိုက်အသိမ်းခံနေရတဲ့ကြားထဲက အပစ်အခတ်ယာယီရပ်စဲမှုကို ဇွန်လကုန်အထိ သက်တမ်းတိုးမြှင့်လိုက်ပြန်တာ တွေ့ရပါတယ်။
အခြားတစ်ဖက်မှာလည်း ပါတီစုံဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံသောပြည်ထောင်စုအဖြစ် လျှောက်လှမ်းနေလို့ တိုင်းရင်းသားအားလုံး စည်းလုံးစွာနဲ့ နိုင်ငံ့အကျိုးကို ဖော်ဆောင်နိုင်ဖို့ လိုအပ်မယ်လို့ SAC ဥက္ကဋ္ဌ ပြောကြားခဲ့သလို ဒေသအတွင်း မည့်သည့် လက်နက်ကိုင်နှင့် နိုင်ငံရေးအဖွဲ့အစည်းကိုမျှ လက်ခံထားခြင်းမရှိကြောင်းနဲ့ တည်ငြိမ်အေးချမ်းရေးလုပ်ငန်းတွေအတွက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ မိုင်းလား ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ပြောလာတဲ့ဖြစ်စဉ်တွေ၊ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ လွှတ်တော်အဆောက်အဦတွေကို အမြန်ဆုံးပြုပြင် တည်ဆောက်ဖို့နဲ့ သတ်မှတ်ကာလအတွင်း အချိန်မီပြီးအောင် ဆောင်ရွက်ဖို့ SAC ဥက္ကဋ္ဌ မှာကြားလာတာတွေ၊ ရခိုင်ကို အမေရိကန် ကူညီပေးမယ့် လူသားချင်းစာနာမှုလမ်းကြောင်းကို ဘင်္ဂလားဒေ့ရှ် စစ်ဦးစီးချုပ်က “သွေးစွန်းသော စင်္ကြံ”လို့ အမည်တပ်ပြီး စီမံကိန်းကို လက်မခံမှုကြောင့် ယူနွတ်စ်အစိုးရက အကောင်အထည်ဖော်မှု ရပ်ဆိုင်းလိုက်တဲ့ဖြစ်စဉ်တွေ၊ AA နဲ့ ထိတွေ့ဆက်ဆံတာကို ကန့်ကွက်တာကြောင့် ဘင်္ဂလားဒေ့ရှ်က သံအမတ်ကြီးနဲ့ စစ်သံမှူး ပြန်လည်ခေါ်ယူလိုက်ပြီး သံခင်းတမန်ခင်းအရပါ နှစ်နိုင်ငံကြား တင်းမာလာတာတွေ၊ USDP ပါတီမှာ ရွေးကောက်ပွဲ ယှဉ်ပြိုင်နိုင်တဲ့ ကိုယ်စားလှယ်လောင်းအင်အား အပြည့်ရှိကြောင်းနဲ့ ကိုယ်စားလှယ်လောင်း အရည်အချင်း သတ်မှတ်ချက်ထွက်ရှိလာရင် ပြည်သူလုထု ထောက်ခံမှု ရှိ/မရှိ ဆွေးနွေးရွေးချယ်သွားမယ်လို့ USDP ပါတီ ဥက္ကဋ္ဌ ပြောကြားလာတာတွေ၊ ကျောင်းတွေ ပြန်ဖွင့်ချိန်မှာ PDF တွေက ကျောင်းမဖွင့်ဖို့ ခြိမ်းခြောက်ပြီး စေတုတ္တရာမှာလည်း ဆရာမတွေ ကျောင်းသားကျောင်းသူတွေနဲ့ မိဘတွေ အပါအဝင် လူ ၉ ဦးကို PDF အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားမှုဖြစ်ပွားခဲ့တာတွေ၊ နတ်မောက်မှာ ကျောင်းအပ်လက်ခံနေတဲ့ အလယ်တန်းပြဆရာမ ဇနီးမောင်နှံကို PDF က ဖမ်းဆီးသတ်ဖြတ်လိုက်တာတွေ၊ မန္တလေး PDF အဖွဲ့က PDF လူငယ် ၇ ဦးကို သူလျှို စွပ်စွဲလို့ တောခိုကျောင်းသားအချင်းချင်းသတ်ဖြတ်ကြတဲ့ ပါဂျောင်ဖြစ်ရပ်မျိုး အစပြုပြီ ဝေဖန်လာတာတွေအပြင် လက်နက်ကိုင်အကြမ်းဖက် KNDF က ပအိုဝ်း သံဃာ ၆ ပါးနဲ့ ပအိုဝ်းပြည်သူ ၇၃ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ပအိုဝ်းပြည်သူတွေက ကြေညာလိုက်တဲ့ ဖြစ်စဉ်တွေနဲ့ သံအမတ်ကြီးအဖြစ် တာဝန်ယူခဲ့သူ အငြိမ်းစားဗိုလ်ချုပ်တစ်ဦးကို Golden Valley Warriors PDF အဖွဲ့ ပစ်သတ်လိုက်တဲ့ဖြစ်စဉ်တွေ တွေ့မြင်ခဲ့ရပေမဲ့ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်ကိုတော့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ထုတ်ပြောလာတဲ့ “၀” ရဲ့ မူးယစ်ဆေးဖြန့်ချိမှုအကြောင်း၊ အသံမထွက်ရဲကြတဲ့ ရခိုင် AA ရဲ့ ပေါ်တာဆွဲ စစ်မှုထမ်းအမိန့်တွေအကြောင်းနဲ့ တပ်မတော်က အမာခံဆောင်ရွက်ပေးမယ့် ရွေးကောက်ပွဲအကြောင်းတွေကို သုံးသပ်ချင်ပါတယ်။
◾ သက်ဆင်က နှိမ်နင်းမယ်ထုတ်ပြောလာတဲ့ “၀” ရဲ့ မူးယစ်ဆေးဖြန့်ချိမှု
ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာက မူးယစ်ဆေးဝါးစစ်ပွဲအသစ် ဆင်နွှဲသွားမယ်လို့ သန္နိဌာန်ချခဲ့ပြီး ထိုင်းနိုင်ငံတစ်ဝန်း မူးယစ်ဆေးဝါးတရားမဝင်ရောင်းချသူတွေကို ရှာဖွေဖို့နဲ့ တရားမဝင်ကူးသန်းရောင်းဝယ်မှုကွန်ရက်တွေကို ဖြိုခွင်းဖို့ လုပ်ဆောင်သွားမယ်လို့ ကြွေးကြော်လိုက်ပါတယ်။ ဒီလိုမျိုး မူးယစ်ဆေးတွေဟာ ပင်လယ်ရေကြောင်းကနေ ထိုင်းနိုင်ငံကိုရောက်လာပြီး အဓိက ဖြန့်ချိနေတာက မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်အတွင်း “ဝ” လက်နက်ကိုင်တို့ ထိန်းချုပ်ထားတဲ့နယ်မြေက သယ်ပို့တာလို့လည်း သိရတဲ့အပြင် ထိုင်းနိုင်ငံတွင်း မူးယစ်ဆေးဖြန့်ဖြူးမှုအတွက် UWSA လို့ သိကြတဲ့ “ဝ” လက်နက်ကိုင်တွေမှာ တာဝန်ရှိကြောင်း၊ နစကအစိုးရ၊ လာအိုနိုင်ငံတို့နဲ့ UWSA ကို ပူးပေါင်းနှိမ်နင်းသွားမှာဖြစ်ကြောင်း သက်ဆင်က ထုတ်ပြောလာတာ တွေ့ရပါတယ်။
ထိုင်းနဲ့ “၀” တို့ဟာ ဆယ်စုနှစ်တစ်စုကျော်ကြာ နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေသလို အစိုးရအဆင့်မှာလည်း ဖြေရှင်းမှုမပြီးပြတ်သေးတာကြောင့် ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းထဲမှာ ထိုင်းဘက်ကိုရောက်နေတဲ့ “၀” တပ်စခန်းတွေကို ထိုင်းဘက်က နှင်ထုတ်လို့ စစ်ရေးတင်းမာခဲ့တာ၊ “၀” ဒေသမှာ တရုတ်ကုမ္ပဏီက မဲခေါင်မြစ်ရဲ့ မြစ်လက်တက်ဖြစ်တဲ့ ကော့မြစ်အတွင်း ရွှေတူးလို့ ထိုင်းနိုင်ငံဘက်မှာ ရေထုညစ်ညမ်းမှု အန္တရာယ်ကြုံတွေ့နေရတာ စတဲ့ တင်းမာမှုတွေ ဖြစ်နေချိန်မှာ ထိုင်းအစိုးရအဖွဲ့အပေါ် အာဏာအရှိဆုံးနဲ့ အာဆီယံဥက္ကဋ္ဌရဲ့ အကြံပေး သက်ဆင်က UWSA ရဲ့ မူးယစ်ဆေးဖြန့်မှု ကိစ္စကို ထုတ်ပြောလာတာလည်းဖြစ်ပါတယ်။ ဒီလိုမျိုး “၀” လက်နက်ကိုင်တွေရဲ့ မူးယစ်ဆေးဖြန့်မှု ဖြစ်စဉ်ကို သက်ဆင်ပြောတဲ့အပေါ် ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းက ငြင်းဆိုပေမဲ့လည်း သမိုင်းမှတ်တမ်းမှာတော့ “၀” လက်နက်ကိုင်ခေါင်းဆောင်တွေဟာ ၁၉၈၅ ခုနှစ်ကတည်းက မူးယစ်ဆေးထုတ်ပြီး ချမ်းသာကြွယ်၀လာတာ၊ အမေရိကန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့(DEA) က အလိုရှိနေတဲ့ မူးယစ်ရာဇာတွေစာရင်းမှာ UWSA ခေါင်းဆောင်တွေပါနေတာ၊ ဝေရှောက်ခန်လို “၀” ခေါင်းဆောင်တွေဟာ ဒေါ်လာသန်းနဲ့ချီ ဖမ်း၀ရမ်းထုတ်ခံထားရတာ၊ UWSA ဟာ အရှေ့တောင်အာရှမှာ ဩဇာအကြီးဆုံး မူးယစ်ဆေးဖြန့်တဲ့အဖွဲ့လို့ အမေရိကန်က သတ်မှတ်တာစတဲ့ မှတ်တမ်းတွေက ငြင်းမရသလို ဒီလို “၀” မူးယစ်ခေါင်းဆောင်တွေနဲ့ ပတ်သက်လို့ UWSA အနေနဲ့လည်း “၀” ဒေသဟာ မူးယစ်ဆေးကြောင့် ကြွယ်၀လာတာမဟုတ်ကြောင်း ခိုင်လုံစွာငြင်းဆို ဖြေရှင်းနိုင်ခဲ့တာ မတွေ့ရပါဘူး။ နွေဦးတော်လှန်ရေးဖြစ်စဉ်နောက်ပိုင်းမှာလည်း လက်နက်ကိုင်အဖွဲ့ ရာနဲ့ချီ ထွက်လာခဲ့သလို စစ်တိုက်ဖို့ ငွေလိုတာကြောင့် မူးယစ်ဆေးတွေဟာလည်း အရင်တုန်းက ငါးဒေါ်လာမှ တစ်ပြားပဲ ရတဲ့အခြေအနေမျိုးကနေ အခုအချိန်မှာ တစ်ဒေါ်လာ ၈ ပြားလောက်ရတဲ့အထိ အလွန်အကျွံပေါပေါများများ ထုတ်နေတာမို့ ကမ္ဘာကြီးဟာ ခေါင်းခဲနေရချိန်မှာ မူးယစ်ဆေးထုတ်လုပ်သူလို့ စွပ်စွဲခံရတဲ့ UWSA ဟာ သူ့ကို နှိမ်နင်းခံရမယ်လို့ ရာဇသံပေးခံရတဲ့ ဒီအခြေအနေပေါ်မှာ ဘယ်လိုအဖြေရှာ ဖြေရှင်းမလဲဆိုတာ စောင့်ကြည့်ချင်စရာပါ။
◾ အသံမထွက်ရဲကြတဲ့ ရခိုင် AA ရဲ့ ပေါ်တာဆွဲ စစ်မှုထမ်းအမိန့်
အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အဖြစ် သတ်မှတ်ခံထားရတဲ့ ရခိုင်လက်နက်ကိုင် AA ဟာ စစ်ရေးအထိနာနေမှုကြောင့် အသက်မပြည့်သေးတဲ့ ချင်းကျောင်းသားလူငယ်တွေပါမချန် ပေါ်တာဆွဲပြီး ဖမ်းဆီးစစ်မှုထမ်းခိုင်းနေတာကြောင့် ဒီလိုလုပ်ရပ်တွေရပ်ပြီး ဖမ်းဆီးထားတဲ့ အသက်မပြည့်သေးသူ ချင်း ကျောင်းသား/သူတွေနဲ့ လူငယ်တွေများစွာကို ပြန်လွှတ်ပေးဖို့ ချင်းနိုင်ငံရေး ဦးဆောင်ကော်မတီ (CPSC – ရခိုင်ပြည်နယ်) က တောင်းဆိုလိုက်ပါတယ်။ AA နဲ့ မြောက်ပိုင်းသုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး တစ်ကျော့ပြန် တိုက်ပွဲတွေကြောင့် ရခိုင်တွေရော ချင်းပြည်သူတွေပါ ပညာရေးဆိုင်ရာ လက်လှမ်းမှီခွင့်၊ ကျန်းမာရေးဆိုင်ရာ လက်လှမ်းမှီခွင့်၊ အသက်မွေး ဝမ်းကျောင်းဆိုင်ရာ လက်လှမ်းမှီခွင့် စတဲ့ အကျပ်အတည်းများစွာနဲ့ ရင်ဆိုင်ကြရချိန်မှာ မိသားစုစားဝတ်နေရေးအတွက် ပြည်မထွက် အလုပ်လုပ်မယ့် ချင်းလူငယ်တွေနဲ့ ပညာသင်ကြားဖို့ သွားရောက်ကြတဲ့ အသက်မပြည့်သေးသူ ချင်းကျောင်းသား /သူ ၆၃ ဦးခန့်ကို AA က ဖမ်းဆီးပြီး စစ်သင်တန်းကို ပို့ဆောင်တယ်လို့ မိသားစုဝင်တွေဆီက သိရှိရလို့ ဒီလို ချင်းလူငယ်တွေနဲ့ ချင်း ကျောင်းသား/သူတွေကို ပြန်လည်လွှတ်ပေးဖို့လည်း CPSC က တိုက်တွန်းကြောင်း ဖော်ပြထားတာလည်း တွေ့ရပါတယ်။ ဒါ့အပြင် AA ဟာ အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ် ပြဠာန်းချက် (National Defense Emergency Provision) ကို ၂၀၂၅ ခုနှစ်၊ မတ်လ (၁၈) ရက်နေ့မှာ စတင်ပြဌာန်း စစ်မှူထမ်းခိုင်းနေပေမဲ့ တရားဝင်ထုတ်ပြန်လာတာမရှိသလို ဒီစစ်မှုထမ်းရမယ့်ပြဌာန်းချက်က ပြည်သူများစွာအကျပ်အတည်းနဲ့ ကြုံတွေ့မယ့်ပြဌာန်းချက်ဖြစ်တဲ့ အပြင် လူ့အခွင့်အရေး စံနှုန်းတွေနဲ့ ကင်းကွာနေတယ်လို့လည်း CPSC က ဝေဖန်လာတာ မြင်ရပါတယ်။
ရခိုင်လက်နက်ကိုင် AA ဟာ သူနဲ့ မသက်ဆိုင်ဘဲ စစ်သားစုဆောင်းခံရတဲ့ ချင်းကျောင်းသား ကလေးငယ်တွေအတွက် ချင်းလူမျိုးတွေ တောင်းဆိုတာသာမက ပြီးခဲ့တဲ့ မေလ ၁၈ ရက်ကလည်း ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်အတွင်းက ကံပြင်၊ သက္ကယ်ကျွန်း၊ ဆားပြင်၊ တန်းလွဲရွာမ၊ ကင်းတောင်ရွာ၊ လမို့မော် စတဲ့ ရခိုင်ရွာခံတွေက AA ရဲ့ အကြမ်းဖက်စစ်မှုထမ်းခေါ်ယူတာကို ရခိုင်အချင်းချင်းတောင် မလိုလားတာကြောင့် ဆန္ဒပြခဲ့ကြချိန် AA က ဆန္ဒပြသူတွေကို သေနတ်ပစ်ဖောက်တားဆီးပြီး ရခိုင် ၅၀ ကျော် ၆၀ လည်း ဖမ်းဆီးခဲ့ပါသေးတယ်။
စစ်ပွဲတွေကို လက်ခံနေသရွေ့ စစ်သားတွေ လိုနေမှာဖြစ်သလို ကိုယ့်အသက်ဘေးဖြစ်လို့လည်း မိုက်ရူးရဲတွေနဲ့ သူတစ်ပါးက အမိန့်နဲ့ အခိုင်းခံရမှ ကျေနပ်အားရစွာ လုပ်ကိုင်တတ်သူတွေကလွဲရင် တော်ရုံလူငယ်တွေက လက်နက်မကိုင်ချင်ပါဘူး။ လက်နက်မကိုင်ချင်ပေမဲ့လည်း ဒီလို လက်နက်ကိုင်တွေကို ထောက်ခံမိချိန်မှာ အတင်းအကျပ်ဖမ်းဆီးခံရပြီး စစ်မှုထမ်းစုဆောင်းတာက ရခိုင် AA တင်မဟုတ်ဘဲ တိုက်ပွဲဖြစ်ပွားရာ ဒေသအားလုံး ကိုးကန့်တရုတ်၊ တအာင်းလက်နက်ကိုင်၊ ရှမ်း၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နဲ့ အညာမှာ PDF လက်နက်ကိုင်တွေဟာ သာမန်လူငယ်တွေကို ပေါ်တာဆွဲပြီး စစ်မှုထမ်းခိုင်းနေတာဖြစ်ပွားနေပါတယ်။ မီဒီယာတွေဟာ တပ်မတော်ရဲ့ စစ်မှုထမ်းဥပဒေကိုသာ အပြစ်တင်ရဲပြီး တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ အဓမ္မစစ်သားစုဆောင်းမှုတွေ မဖော်ပြရဲလို့သာ အသိအမြင်နည်းပါးတဲ့ လူထုကြားမှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ PDF တွေရဲ့ အဓမ္မစစ်သားစုဆောင်းမှုတွေ မသိကြဖြစ်နေတာပါ။ အခြားတစ်ဖက်မှာလည်း တရားဝင် တပ်မတော်ကို ဝေဖန်ထိုးနှက်ရင် ထောင်ကျရုံလောက်ပဲဖြစ်ပေမဲ့ ရခိုင် AA လို PDF လို လက်နက်ကိုင်တွေရဲ့ အဓမ္မစစ်သားစုတာကို ဝေဖန်ရင် အသတ်ခံရမှာဖြစ်ပြီး ကံမကောင်းရင် မိသားစုလိုက်ပါ ဒလန် ဆိုပြီး အရှင်းခံကြရမယ့် အခြေအနေမို့လည်း မပြောရဲကြတာပါ။ ဒါပေမဲ့လည်း တည်မိတဲ့ဘုရား လင်းတပဲ နားနား၊ ကျီးပဲနားနား ဆက်ကိုးကွယ်ရတော့မယ့် အခြေအနေရောက်နေတဲ့ အညာနဲ့ တိုင်းရင်းသားနယ်မြေတွေဟာ တပ်မတော်ရဲ့ စစ်သားစုဆောင်းမှုထက် အဆရာချီဆိုးရွားပြီး နောက်ဘုန်းကြီးနှစ်ချက်ခေါက်နေတဲ့ PDF တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ပေါ်တာဆွဲမှု ဒဏ်ကို ပြေးစရာမြေမရှိ ငုံ့ပြီးခံနေရတာကလည်း ပကတိ မြေပြင်က အမှန်တရားတွေပါပဲ။
◾ တပ်မတော်က အမာခံဆောင်ရွက်ပေးမယ့် ရွေးကောက်ပွဲ
မြန်မာနိုင်ငံအနေနဲ့ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို ဒီ ၂၀၂၅ ခုနှစ် နှစ်အကုန်မှာ ကျင်းပပေးမှာဖြစ်ကြောင်း နိုင်ငံတကာကို အသိပေးပြီးဖြစ်ပြီး နိုင်ငံတကာက နိုင်ငံ့ခေါင်းဆောင်အားလုံးကလည်း အားပေးထောက်ခံမှုရရှိခဲ့တယ်လို့ ရုရှားနိုင်ငံခရီးစဉ်ကအပြန်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားထားသလို လာမယ့် ဒီဇင်ဘာမှာ လုပ်ဆောင်မယ့် အထွေထွေရွေးကောက်ပွဲကို ဒေသနှင့် နိုင်ငံအကျိုးကို အမှန်တကယ် ဖော်ဆောင်ပေးနိုင်မယ့် ကိုယ်စားလှယ်လောင်းကို ရွေးချယ်ဖို့လိုအပ်ပြီး တပ်မတော်အနေနဲ့လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် အမာခံအဖြစ် ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း SAC ဥက္ကဋ္ဌက တြိဂံတိုင်းစစ်ဌာနချုပ်၊ ကျိုင်းတုံတပ်နယ်က အရာရှိ၊ စစ်သည်၊ မိသားစုတွေနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်တင်မြောက်ရတဲ့ ကိုယ်စားလှယ်ဟာ ပြည်ထောင်စုလွှတ်တော်မှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အပါအဝင် ၆၆၄ ဦးလို့ မှတ်ယူနိုင်ပြီး လွှတ်တော်အစည်းအဝေးအထမြောက်ဖို့အတွက် ပုဒ်မ ၈၅ (က) အရတော့ ဒီ ၆၆၄ ဦးရဲ့ တစ်ဝက်ကျော် ၃၃၃ ဦးတက်ရောက်ဖို့ လိုအပ်ပါတယ်။ ပုဒ်မခွဲ ၈၅ (ခ) အရဆိုရင် ၂၂၂ ဦးရှိရုံနဲ့ လွှတ်တော်အစည်းအဝေးတွေ အထမြောက်တယ်လို့ သတ်မှတ်ထားတာမို့ ၈၅ (က)နဲ့ဆို ၃၃၃ ဦးလိုပြီး ၈၅ (ခ)နဲ့ဆို ၂၂၂ ဦးလိုပါတယ်။ ဒီနေရာမှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်က ပြည်သူ့လွှတ်တော်မှာ ၁၁၀ ထက် မပိုရလို့ပါပြီး အမျိုးသားလွှတ်တော်မှာ ၅၆ ဦးထက်မပိုရလို့လည်း သတ်မှတ်ချက်ကြောင့် ပြည်ထောင်စုလွှတ်တော်မှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦးအထိ ထည့်သွင်းနိုင်တာဖြစ်လို့ SAC ဥက္ကဋ္ဌ ပြောသလို သိက္ခာရှိရှိ လွှတ်တော်စနိုင်ဖို့ဆိုရင် အနိမ့်ဆုံးမှာ ရွေးကောက်ခံကိုယ်စားလှယ် ၁၆၇ ဦးပဲလိုအပ်ပြီး နိုင်ငံရေးအကျပ်အတည်းအခြေအနေပြင်းထန်လို့ ၂၂၂ ဦးနဲ့ လွှတ်တော် စထားမယ်ဆိုရင်တော့ ရွေးကောက်ခံကိုယ်စားလှယ် ၅၆ ဦးပဲ လိုပါတယ်။ ရွေးကောက်ခံကိုယ်စားလှယ် ၅၆ ဦးရဖို့ဟာ ရန်ကုန်နဲ့တင်လုံလောက်ပြီး ၁၆၇ ဦးရဖို့ကလည်း ရန်ကုန်၊ နေပြည်တော်၊ ဧရာ၀တီ၊ ရှမ်း စတဲ့ဒေသတွေနဲ့ PDF တွေ လက်နက်ကိုင်တွေ အနားကပ်မရတဲ့ ပြည်နယ်နဲ့တိုင်းက မြို့တော်တွေ၊ PDF တွေ လက်နက်ကိုင်တွေကို လက်မခံတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနေရာတွေနဲ့တင် အနည်းဆုံး ရွေးကောက်ခံကိုယ်စားလှယ် ၂၅၀ ပတ်ခြာလည်နဲ့ အထက်ရနိုင်မယ်လို့ ခန့်မှန်းထားတာကြောင့် ရွေးကောက်ခံအစိုးရတစ်ရပ် ဖွဲ့စည်းလည်ပတ်နိုင်မယ့် ပြည်ထောင်စုလွှတ်တော်အထမြောက်ဖို့ဟာ ဒီလိုအကျပ်အတည်းကာလမှာတောင် မခဲယဉ်းတာ မြင်ရပါတယ်။ မြန်မာနိုင်ငံအဖို့ အဓိကလိုအပ်နေတာက ဒီမိုကရေစီနိုင်ငံတော်ကို အမြန်ဆုံး ပြန်လည်ထူထောင်ဖို့ဖြစ်ပြီး ဒီလို ပြန်လည်ထူထောင်ဖို့ အဓိကလုပ်ပေးရမယ့် တပ်မတော်က ကိုယ်စားလှယ်တွေ ဘေးကင်းဖို့၊ နယ်မြေတွေ အေးချမ်းလာပြီး ရွေးကောက်ပွဲတွေ ဆက်လုပ်နိုင်ဖို့ အမာခံအနေနဲ့ လုပ်ဆောင်ရမှာဖြစ်ပြီး ဒီလို ရွေးကောက်ပွဲနယ်မြေတွေ များလာတာနဲ့အမျှ လူထုကြား တည်ငြိမ်အေးချမ်းတိုးတက်မှုရလာမှာဖြစ်ပေမဲ့ NLD , CRPH, NUG, EAOs တွေ PDF နဲ့ လက်နက်ကိုင်တွေအဖို့ကတော့ တည်ငြိမ်မှုနောက်မှာ စားခွက်ပျောက်မှုနဲ့ နိုင်ငံတကာက လက်မခံတဲ့ ဖိအားတိုးလာမှာဖြစ်လို့ သူတို့က ရွေးကောက်ပွဲလက်မခံဘူးလို့ ပြောနေတဲ့စကားတွေကို ပြည်သူက နားမယောင်သင့်ဘဲ နိုင်ငံနဲ့ပြည်သူရဲ့ ထွက်ပေါက် ရွေးကောက်ပွဲအမြန်ဆုံးဖြစ်မြောက်ဖို့နဲ့ အနိုင်ရပါတီကို အာဏာအတည်လွှဲပြီး တိုင်းပြည်ဒီမိုကရေစီလမ်းပေါ် အချိန်တိုနဲ့ ပြန်တက်နိုင်ရေးသာ ဝိုင်းဝန်းကြိုးပမ်းချိန်တန်ပါပြီလို့ သုံးသပ်ရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက် ရပ်နားပါရစေ။