
၄.၆.၂၀၂၅.
translated by Htwe Ko Tun
ယူကရိန်းနိုင်ငံရဲ့ လုံခြုံရေးဝန်ဆောင်မှုအဖွဲ့(SBU) က ရုရှားနဲ့ ခရိုင်းမီးယားဒေသကို ဆက်သွယ်ပေး ထားတဲ့ Kerch တံတားကို ကီလိုဂရမ် ၁,၁၀၀ အလေးချိန်ရှိတုဲ ရေအောက်ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ဇွန်လ ၂ ရက် ညက တိုက်ခိုက်ခဲ့ရာမှာ တံတားရဲ့အခြေခံအုတ်မြစ်တွေ ပြင်းထန်စွာ ထိခိုက်ခဲ့တယ်လို ဇွန်လ ၃ ရက်မှာ ပြောကြားခဲ့ပါတယ်။
SBU က ဒီဖောက်ခွဲတိုက်ခိုက်မှုကို ပြုလုပ်ဖို့ လပေါင်းများစွာ အချိန်ယူစီစဉ်ခဲ့ရတာလို့ ပြောခဲ့ပြီး ကားလမ်းနဲ့ရထားလမ်းတွေပါ ပါဝင်တဲ့ Kerch တံတားကို ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့ဗီဒီယိုကို X လူမှုကွန်ရက်မှာ တင်ထားခဲ့ပါတယ်။

ရုရှားအစိုးရဘက်က တစ်စုံတစ်ရာ ပြန်လည်ပြောကြားမှုမရှိသေးသော်လည်း တံတားကို ဇွန်လ ၃ ရက်မှာ အချိန်အတော်များများပိတ်ထားခဲ့ပြီး အခုအခါမှာတော့ ဖြတ်သန်းသွားလာခွင့် ပြန်လည်စတင်နေပြီလို့ ပြောခဲ့ပါတယ်။
Kerch တံတားက ရုရှားက သိမ်းပိုက်ထားတဲ့ ခရိုင်မီးယားဒေသရှိ ရုရှားတပ်ဖွဲ့တွေကို အထောက်အပံ့ပစ္စည်းတွေနဲ့ လက်နက်တွေပို့ပေးဖို့ တည်ဆောက်ခဲ့တာဖြစ်ပြီး ရုရှားသမ္မတ ပူတင် က အရှည်အားဖြင့် ၁၂ မိုင်(၁၉ ကီလိုမီတာ) ရှိတဲ့ တံတားကို ၂၀၁၈ ခုနှစ်က ဖွင့်လှစ်ပေးခဲ့တာပါ။ ရုရှားက တည်ဆောက်ခဲ့တဲ့တံတားတွေအထဲမှာ အရှည်ဆုံးတံတားအဖြစ် ထူးခြားရုံမက မဟာဗျူဟာအရလည်း အရေးပါပါတယ်။

ယူကရိန်းက မောင်းသူမဲ့လေယာဉ် ၁၁၇ စင်းကိုအသုံးပြုပြီး ရုရှားနိုင်ငံအတွင်း ဆိုက်ဘေးရီးယားနယ်က လေတပ်စခန်းတွေကို ဇွန်လ ၁ ရက်က တိုက်ခိုက်ခဲ့တာမှာ ရုရှားစစ်လေယာဉ် အစီး ၄၀ ကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇယ်လန်စကီးက ပြောခဲ့ပါတယ်။
ဒီမတိုင်ခင် မေလ ၃၁ ရက် ညဘက်၊ ဇွန်လ ၁ ရက်တို့ အကူးအပြောင်းအချိန်မှာပဲ ရုရှားနိုင်ငံအတွင်း ယူကရိန်းနယ်စပ်အနီးက ရထားတံတားကြီးနှစ်ခု ကို ဖောက်ခွဲဖျက်ဆီးခံခဲ့ရလို့ လူခုနစ်ဦးသေဆုံးပြီး တစ်ရာကျော်ဒဏ်ရာရခဲ့ကြပါတယ်။ ရုရှားကလည်း ဒီဖေါက်ခွဲမှုတွေကို အကြမ်းဖက်တိုက်ခိုက်မှု သက်သက်ပဲလို့ ပြောခဲ့ပြီး ယူကရိန်းရဲ့လက်ချက်လို့ စွပ်စွဲထားပါတယ်။
ဒါကြောင့်လည်း Kerch တံတားကို ဗုံးခွဲဖျက်ဆီးမှုက ယူကရိန်းက ရုရှားပိုင်နက်အတွင်းစစ်စခန်း အဆောက်အအုံတွေကို တစ်ပတ်အတွင်း သုံးကြိမ်မြောက်တိုက်ခိုက်မှုလည်းဖြစ်ပါတယ်။
Ref- Sky News
