
၃. ၆. ၂၀၂၅
Written by Nyein Kyaw
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာသင်ကျောင်းများတွင် ကျောင်းအပ်နှံသူဦးရေ၏ ၉၈ ရာခိုင်နှုန်းကျော်ဖြစ်သည့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၆,၀၃၁,၀၁၂ ဦး (၆ ဒသမ ၀၃၁ သန်း) တက်ရောက်ပညာသင်ကြားခဲ့ကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့တွင် ထုတ်ပြန်ထားသည်။
ယခု ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ ၂၂ ရက်မှ ဇွန်လ ၁ ရက်အထိ သတ်မှတ်ခဲ့ပြီး အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများကို ဇွန်လ ၂ ရက် (ယမန်နေ့)တွင် ကျောင်းများ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ကျောင်းအပ်နှံရေးသီတင်းပတ်အတွင်း မူလတန်းကျောင်းအပ်နှံမှု ၄,၁၄၆,၂၅၁ ဦး၊ အလယ်တန်းကျောင်းအပ်နှံမှု ၁,၃၄၄,၂၃၆ ဦးနှင့် အထက်တန်း ကျောင်းအပ်နှံမှု ၆၂၈,၇၇၃ ဦး၊ စုစုပေါင်း ကျောင်းအပ်နှံသူဦးရေ စုစုပေါင်း ၆,၁၁၉,၂၆၀ (၆ ဒသမ ၁၁၉ သန်း)ရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ ဖြေကြားထားသည်။
ကျောင်းများစတင်ဖွင့်လှစ်သည့် ဇွန်လ ၂ ရက် (ယမန်နေ့)တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းတက်ရောက်သူဦးရေ ၅,၈၂၂,၉၅၄ (၅ ဒသမ ၈ သန်းကျော်) ကျောင်းအပ်နှံသူဦးရေ၏ ၉၅ ရာခိုင်နှုန်းကျော်သာ ရှိခဲ့သော်လည်း ယနေ့ ဒုတိယမြောက်နေ့တွင် ကျောင်းတက်ရောက်သူဦးရေ ၆,၀၃၁,၀၁၂ ဦး (၆ ဒသမ ၀၃၁ သန်း) ကျောင်းအပ်နှံသူဦးရေ၏ ၉၈ ဒသမ ၅၅ ရာခိုင်နှုန်းအထိ ကျောင်းတက်ရောက်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းအပ်နှံရေးသီတင်းပတ်အား မေလ ၂၃ ရက်မှ ဇွန်လ ၂ ရက်အထိ ပြုလုပ်ခဲ့ပြီး ကျောင်းအပ်နှံသူဦးရေ ၆ ဒသမ ၄ သန်းနီးပါးရှိခဲ့ကာ ဇွန်လ ၃ ရက်တွင် ကျောင်းများစတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းအပ်နှံသူဦးရေ၏ ၉၇ ရာခိုင်နှုန်းကျော် ကျောင်းတက်ရောက်ခဲ့ကြောင်း သိရသည်။
