




၁၉.၅.၂၀၂၅
Written By Thandar
ဆောင်းညပြာသိုထုတ်လုပ်ရေးက သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းပုံစံ “မချစ်သင့်သော” ဇာတ်လမ်းတွဲ Fan Meeting ပွဲကို ယနေ့ မေလ ၁၉ ရက် ညနေပိုင်းက ရန်ကုန်မြို့ Myanmar Plaza Promotion Area မှာစည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။
ဒီ Fan Meeting ပွဲမှာတော့ စာရေးဆရာမ မူပိုင်နှင်းဆီ၊ ဒါရိုက်တာ ဥာဏ်ထင်၊ သရုပ်ဆောင်တွေဖြစ်တဲ့ အောင်ရဲလင်း၊ သိမ်မွေ့သံစဉ်၊ လင်းဇာနည်ဇော်၊ ခေတ်မင်းပိုင်၊ ထရက်ရှာဦးစတဲ့သူတွေ တက်ရောက်ခဲ့ပြီး ပရိသတ်တွေကို အမှတ်တရ လက်မှတ်ရေးထိုးပေးခဲ့သလို အမှတ်တရ ဓာတ်ပုံတွေလည်း တွဲရိုက်ပေးခဲ့ကြပါတယ်။
“ မလင်းက ဒီဇာတ်ကားရဲ့ Fan Meeting ဆိုတော့ အမှန်အတိုင်းပြောရရင် ကိုယ့်အတွက်ဆိုတာထက် ကလေးတွေလို့ Fan တွေလည်း အများကြီးမရှိပါဘူး။ ကလေးတွေကို လာအားပေးတဲ့ Fan လေးတွေကို တွေ့ဖြစ်ခဲ့တယ်။ အမှတ်တရပုံလေးတွေ ရိုက်ပေးဖြစ်ပါတယ်။ မထင်မှတ်ဘဲ ကိုယ့် Fan လေးတွေ တွေ့ရတော့ အရမ်းပဲ ဝမ်းသာပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်ဒီအသက်အရွယ်မှ Fan တွေ လာလိမ့်မယ်လို့လည်း တကယ်မထင်ထားတာပါ။ ကိုယ့် Fan လေးတွေ Surprise လာတိုက်တဲ့အတွက် ဝမ်းသာပီတိဖြစ်ရပါတယ်” လို့ သရုပ်ဆောင် လင်းဇာနည်ဇော်က ပြောပါတယ်။
ဒီဇာတ်ကားကို ဇာတ်လမ်း မူပိုင်နှင်းဆီ၊ ဇာတ်ညွှန်းမိုးနီလွင်က ရေးသားထားပြီး ဒါရိုက်တာ ဥာဏ်ထင်က အပိုင်း ၂၀ စာကို မချစ်သင့်သူ ချစ်မိတဲ့အဖြစ်အပျက်လေး ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ အောင်ရဲလင်း၊ ရဲရင့်သော်၊ သိမ်မွေ့သံစဉ်၊ ရဲမွန်၊ ဇော်ဝင်းမောင်၊ လင်းဇာနည်ဇော်၊ လင်းလင်း(မိတ်ကပ်)၊ ဟန်လေး၊ ဆုထက်ကုဋေ၊ ထက်ယံအောင်၊ ဟင်နရီစံ၊ ပြည်ဖြိုးစံ၊ စိုင်းဘုန်းမင်းသန့်၊ အောင်ခန့်ကျော် စတဲ့အနုပညာရှင်တွေ ပါဝင်ကြမှာဖြစ်ပါတယ်။