
၁၉. ၅. ၂၀၂၅
Written by Nay Moe
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၇ ရက်မှာ TNLA ဟာ ကွတ်ခိုင်မြို့ကို နယ်မြေလုယက်သိမ်းယူပြီး လက်နက်ကိုင်လုံခြုံရေးအဖွဲ့တွေ ဖွဲ့စည်းပြီးနောက်မှာ လုယက်သတ်ဖြတ်မှုတွေ၊ လက်နက်ကိုင်ဓားပြတိုက်မှုတွေ ထကြွသောင်းကျန်းနေသလို အခုလည်း ကွတ်ခိုင်ခရိုင် မိုင်းရပ်ကျေးရွာ လမ်းခုလတ်မှာ စျေးရောင်းပြန်လာတဲ့ သားအမိနှစ်ဦးကို လက်နက်ကိုင်ခွင့်ရသူတွေက ပစ်ခတ် စစ်ဆေးလို့ စစ်ဆေးမှုခံယူချိန် သိန်းရာချီ လုယက် ဓားပြတိုက်မှု ဖြစ်ပွားခဲ့ပါတယ်။
ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ မေလ ၁၅ ရက် ညနေ ၄ နာရီအချိန်မှာ တက္ကနိုင်းကျေးရွာဘက်ကို စျေးရောင်းပြီး ကွတ်ခိုင်ဆီ ကားနဲ့ ပြန်လာတဲ့ ဒေါ်အမ်နဲ့ ဦးအယိုင်ဆိုသူ သားအမိတို့ မိုင်းရပ်ကျေးရွာရောက်ချိန်မှာ သေနတ်ကိုင်ဆောင်ထားသူ အမျိုးသား ၃ ဦးက ကားကိုသေနတ်နဲ့ ခြိမ်းခြောက်ပစ်ခတ်ခဲ့တာပါ။
ဒီလို ပစ်ခတ်မှုကြောင့် သားအမိနှစ်ဦးက ကားရပ်ပြီး TNLA လက်အောက်က လက်နက်ကိုင်သူတွေရဲ့ အစစ်ဆေးခံနေချိန်မှာ အဆိုပါ အမျိုးသား ၃ ဦးက ပိုက်ဆံ သိန်း ၄၀၀ ခန့်နှင့် ဖုန်း ၄ လုံး လုယူသွားခဲ့တာပါ။
ဒီဓားပြတိုက်မှုနဲ့ပတ်သက်ပြီး ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/ TNLA ရဲ့ တအာင်းပြည်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးရှာဖွေနေတယ်လို့ PSLF/TNLA က ဖော်ပြထားပေမဲ့ ဖြစ်ရပ်အပေါ် မှတ်ချက်ပြုသူတွေက ဒီနယ်မြေမှာ သေနတ်ကိုင်ခွင့်ရတာက TNLA ပဲ ရှိပြီး ဓားပြတိုက်သူတွေက TNLA အဖွဲ့၊ လက်အောက်ခံတွေလို့လည်း ဝေဖန်နေကြပါတယ်။