




၁၉.၅.၂၀၂၅
Written By Thandar
Triple Six Production က ဟာသဇာတ်လမ်းပုံစံ “ လေချွန်နတ်” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကို ယနေ့ မေလ ၁၉ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ဒီဇာတ်ကားမှာ ညီမက ကေသီလွင်ဆိုတဲ့ ကိုမြင့်မြတ်ရဲ့ ညီမနေရာက ပါဝင်ထားတာပါ။ ပုံမှန် ဟာသကားလို မဟုတ်ဘဲ အပြင်မှာ တကယ်ရှိတဲ့ လေချွန်နတ်ကို ပြန်လည်ပုံဖော်တဲ့အနေနဲ့ ဖန်တီးထားတဲ့ ကားပါ။ လူတွေကို ကူညီပေးတဲ့ လေချွန်နတ်ဗေဒင်ဟောတာတို့ ဝိဉာဉ်တွေကို ကူညီပေးတာလည်း ပါပါတယ်။ ရသစုံ ပါ တယ်။ သာက ကိုယ်တိုင်က သွက်တဲ့သူမဟုတ်တော့ ပုံမှန်ထက် ပိုခပ်သွက်သွက်လေး ပိုလုပ်ရတာတွေရှိတယ်”လို့ သရုပ်ဆောင် သံသာညီက ပြောပါတယ်။
ဒီဇာတ်ကားကို ဇာတ်လမ်း ဈာန်သခင်သွေး၊ ဇာတ်ညွှန်း နေစိုးသော်၊ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)က သရုပ်ဆောင် အကယ်ဒမီမြင့်မြတ်၊ ထက်အောင်ရှိုင်း၊ တေဇလင်းရောင်၊ အကယ်ဒမီမေမြင့်မိုရ်၊ သံသာညီ၊ ထွန်းပုလဲရတနာ၊ သုသု၊ အထူးဧည့်သည်သရုပ်ဆောင် အကယ်ဒမီကျော်ကျော်ဗို၊ သာသာ စတဲ့ သရုပ်ဆောင်များစွာပါဝင်ထားကြပါတယ်။
“လေချွန်နတ်” ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ လာမယ့် မေလ ၂၃ ရက်မှာ မြန်မာတစ်ပြည့်လုံးရှိ အဆင့် မြင့် ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာလည်းဖြစ်ပါတယ်။
“ဘဝကို ပျော်ပျော်နေတတ်ပြီး ဘယ်အရာကိုမှ အလေးအနက်မထားတတ်တဲ့ လူငယ်တစ်ယောက် အတိတ်ကံနဲ့ မတော်တဆ ပေါင်းစပ်မှုတစ်ခုကြောင့် မမျှော်လင့်ဘဲ လေချွန်နတ် အစွမ်းလိုရသွားတဲ့ အကြောင်းအရာလေးတွေ ပါပါတယ်”လို့ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) ကပြောပါတယ်။