
၁၉. ၅. ၂၀၂၅
Written by Nay Moe
ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ NUG မထောက်ခံသူပြည်သူတွေကို ရက်ရက်စက်စက် လိုက်လံသတ်ဖြတ်နေတဲ့ PDF အဖွဲ့ဖြစ်တဲ့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ဟာ မိန်းမကို ဓားနဲ့ခုတ်သတ်သူကိုတော့ ဖမ်းဆီးပြီးမှ အရေးဆက်မယူဘဲ NUG ထံ လွှဲမယ်ပြောလာပါတယ်။

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ချောင်းဂေါင်းအုပ်စု၊ ဆယ်ရွာ တိမ်မြုပ်ချောင်းကမ်းအနီး နေအိမ်မှာ ဇနီးဖြစ်သူ မပူတူးကို လင်ဖြစ်သူ မိုးသဲက မေလ ၁၇ ရက် မွန်းလွဲ ၁ နာရီခန့်မှာ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ဓားနဲ့ ရက်ရက်စက်စက် ပိုင်းဖြတ်ခုတ်သတ်ကာ တိမ်းရှောင်ထွက်ပြေးသွားခဲ့တာပါ။

အဆိုပါ တိမ်းရှောင် ထွက်ပြေးသွားသူကို ဖမ်းဆီးအရေးယူပေးဖို့ မိသားစုနဲ့ ဒေသခံတွေက သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ထံ ပြောလာတာကြောင့် ပိုက်စိပ်တိုက် တောနင်းရှာဖွေခဲ့ရာမှာ အဲဒီနေ့ ညနေ ၅ နာရီခန့်မှာ လူသတ်တရားခံ မိုးသဲ ကို ဖမ်းဆီးရမိခဲ့တာပါ။

အပြစ်မဲ့ပြည်သူများစွာကို စစ်ဆေးမေးမြန်းမှုမရှိ အကြောင်းမဲ့သတ်ဖြတ်နေတဲ့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ဟာ လူသတ်တရားခံမိုးသဲကိုတော့ ရက်စက်စွာပြစ်မှုကျူးလွန်ထားတာ လက်ပူးလက်ကျပ် မိပေမဲ့ ထိုက်သင့်တဲ့ ပြစ်ဒဏ် ချမှတ်ဖို့အတွက် စစ်ဒေသ တာဝန်ရှိသူတွေက တစ်ဆင့် NUGတာဝန်ရှိသူတွေထံ လွှဲပြောင်းပေးအပ်သွားမယ်လို့ပဲ ဖော်ပြထားပါတယ်။
