
◾️ကျောင်းများဖွင့်လှစ်ချိန် အကြမ်းဖက်သမားများ နှောင့်ယှက်မှုမဖြစ်ပေါ်စေရေး နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်ရန်ပါ မှာကြား
၁၉. ၅. ၂၀၂၅
Written by Nyein Kyaw
မန္တလေးငလျင်ကြီးကြောင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေလွှာတချို့ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုအပေါ် ပြန်လည်မဖြေဆိုဘဲ ဖြေလျော့မှုဖြင့် စာမေးပွဲအအောင်ပေးရန် ပြောဆိုနေမှုများရှိနေသော်လည်း သိက္ခာရှိသည့် အောင်မြင်မှုမျိုးနှင့် နိုင်ငံတကာ စံချိန်စံနှုန်းများအရ စာမေးပွဲပြန်လည်ဖြေဆိုရန် ဆုံးဖြတ်ခဲ့ရခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည်။
မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီး ဖြစ်ပေါ်ခဲ့ချိန်တွင် တက္ကသိုလ်ဝင် စာမေးပွဲအဖြေလွှာအချို့ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့်အတွက် စာမေးပွဲပြန်လည်ဖြေဆိုရန် စီစဉ်ဆောင်ရွက်ခဲ့ရကြောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့ရခြင်းဖြစ်သည့်အတွက် ပြန်လည်ဖြေဆိုမှု မဆောင်ရွက်စေဘဲ ဖြေလျော့မှုဖြင့် စာမေးပွဲအအောင်ပေးရန် ပြောဆိုမှုများရှိကြောင်း၊ သို့သော် သိက္ခာရှိသည့်အောင်မြင်မှုမျိုးနှင့် နိုင်ငံတကာ စံချိန်စံနှုန်းများအရ စာမေးပွဲပြန်လည်ဖြေဆိုရန် မိမိတို့အနေဖြင့် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

နိုင်ငံတော်မှလည်း စာမေးပွဲပြန်လည်ဖြေ ဆိုရမည့်ဒေသများ၌ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအတွက် အဆင်ပြေချောမွေ့မှုရှိစေရေး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ကျောင်းများပြန်လည်ဖွင့်လှစ်ရေးနှင့် ပတ်သက်၍ မေလ ၂၂ ရက်နေ့ဆိုပါက ကျောင်းအပ်နှံရေး ရက်သတ္တပတ်စတင်ပြီဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝန်ကြီးချုပ်များ၊ တာဝန်ရှိသူများအနေဖြင့် မိမိတို့ဒေသအလိုက် ကျောင်းများ အားလုံးဖွင့်လှစ်နိုင်ရေး ကြိုးစားဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပြီး အကြမ်းဖက်သမားများအနေဖြင့် ပညာရေးနှင့် ပတ်သက်၍ နှောင့်ယှက်မှုများ မဖြစ်ပေါ်စေရေး နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ပညာရေးကဏ္ဍကို နှောင့်ယှက်ဖျက်ဆီးနေမည်ဆိုပါက ထိုသို့ဆောင်ရွက်နေသည့် နေရာဒေသများသည် အခြားဒေသများ၏နောက်တွင် ကျန်နေခဲ့မည်ဖြစ်ကြောင်း၊ အကြမ်းဖက်သမားများအနေဖြင့်လည်း ၎င်းကဲ့သို့ ပညာရေးကဏ္ဍကို နှောင့်ယှက်ဖျက်ဆီးနေခြင်းသည် မိမိတို့အနာဂတ်ကို မိမိတို့ဖျက်ဆီးနေသည်ကို အသိရှိရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။