
၁၉. ၅. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ နွန်ချောက်ခရိုင်ရှိ နေအိမ်တစ်ခုမှာ တနင်္ဂနွေနေ့မနက် ၈ နာရီခွဲခန့်က အိမ်ထောင်ရှင်ဇနီးမောင်နှံနှစ်ဦး မတော်တဆ ဓာတ်လိုက်ပြီး ဝမ်းနည်းဖွယ် သေဆုံးခဲ့ပါတယ်။
သူတို့ ရုပ်အလောင်းကို အိမ်နီးချင်းတွေက တွေ့ရှိခဲ့ပြီး ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့လို့ အခင်းဖြစ်ပွားရာနေရာ ရောက်ရှိခဲ့တဲ့ စုံစမ်းစစ်ဆေးရေးမှူးတွေရဲ့ အစီရင်ခံစာအရ အသက် ၆၄ နှစ်အရွယ် ခင်ပွန်းဖြစ်သူ ချန်မ်ရတ်ဟာ ကျောဘက်မှာ မီးလောင်ဒဏ်ရာများစွာရရှိထားပြီး အသက် ၅၈ နှစ်အရွယ် ဇနီးဖြစ်သူ ပရာချုဟာ လက်နှစ်ဖက်နဲ့ ဒူးတွေမှာလည်း မီးလောင်ဒဏ်ရာတွေ ထင်ရှားစွာတွေ့ရှိခဲ့ရကြောင်း ဖော်ပြထားပါတယ်။
ကွယ်လွန်သူဇနီးမောင်နှံဟာ နေအိမ်ရှေ့မြေကွက်လပ်မှာ သံဆူးကြိုးအပေါ် လဲလျောင်းနေပြီး လျှပ်စစ်မီးကြိုးတစ်ချောင်းက အနီးရှိ ပါဝါပလပ်ပေါက်တစ်ခုမှာ ထိုးထားသလို အနီးအနားမှာလည်း ဖြတ်စက်(Angle grinder) တစ်လုံးကို တွေ့ရှိခဲ့ပါတယ်။
အိမ်နီးချင်းတွေက သူတို့ ဇနီးမောင်နှံဟာ အရင်ကလည်း ဖြတ်စက်ကို အသုံးပြုနေတာကြားဖူးကြောင်း၊ ဘိလပ်မြေကျောက်လောင်းဖို့ သံဆူးကြိုးကို ပြင်ဆင်နေတာ တွေ့ရကြောင်း၊ ဖြတ်စက်သုံးပြီး သံဆူးကြိုး ဖြတ်နေချိန် လှုပ်ရှားမှုမရှိတော့တာကြောင့် စိုးရိမ်လို့ သွားကြည့်ချိန် ဇနီးမောင်နှံနှစ်ဦးရဲ့ ရုပ်အလောင်းတွေကိုသာ တွေ့ခဲ့ရကြောင်း ရဲတပ်ဖွဲ့ကို ပြောခဲ့ပါတယ်။
ရဲတပ်ဖွဲ့ကလည်း ခင်ပွန်းဖြစ်သူဟာ ဖြတ်စက်သုံးပြီး သံဆူးကြိုးဖြတ်နေချိန် ဓာတ်လိုက်သွားတာကို ဇနီးက ကူညီတာကြောင့် နှစ်ယောက်စလုံး ဓာတ်လိုက်သေဆုံးခဲ့တာလို့ ကနဦးကောက်ချက်ယူထားပေမဲ့ သေဆုံးခြင်းအကြောင်းရင်းတွေ အတည်ပြုနိုင်ဖို့ ရဲတပ်ဖွဲ့ဆေးရုံကြီးဆီပို့ပြီး ခွဲစိတ်စစ်ဆေးမှုတွေ ဆက်လက် ပြုလုပ်နေတယ်လို့ သိရပါတယ်။
Ref, Bangkok Post, Siam News