
◾ ကြားဖြတ်အစိုးရလက်ထက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အချုပ်အခြာအာဏာ ခြိမ်းခြောက်ခံနေရဟုပါ ပြောကြား
၁၆.၅.၂၀၂၅
Translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အမျိုးသားပါတီ(BNP) ရဲ့ အမြဲတန်းကော်မတီအဖွဲ့ဝင် မာဇာအက်ဘားစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာဟာ ယူနွတ်စ်ခေါင်းဆောင်တဲ့ ကြားဖြတ်အစိုးရလက်ထက်မှာ ခြိမ်းခြောက်ခံနေရတယ်လို့ မေလ ၁၅ ရက်က ပြောကြားခဲ့ပါတယ်။
မာဇာအက်ဘားစ်က “ကျွန်တော့်ကို ရှင်းရှင်းပဲ ပြောခွင့်ပြုပါ။ ကျွန်တော်တို့ဟာ အရင်က ခွေးတစ်ကောင်ရဲ့မေးရိုးထဲ ရောက်နေရသလိုဖြစ်ခဲ့ရာကနေ အခုဆို ကျားတစ်ကောင်ရဲ့မေးရိုးထဲရောက်ရတဲ့ အခြေအနေဖြစ်နေပြီ။ နိုင်ငံရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာဟာ လုံခြုံမှုမရှိတော့ဘူးလို့ ကျွန်တော်တို့မြင်နေရတယ်။ ကြားဖြတ်အစိုးရရဲ့တာဝန်ကလည်း ရွေးကောက်ပွဲလုပ်ပေးဖို့ပါ။ မူဝါဒပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်တွေ နိုင်ငံအတွက်လုပ်နေဖို့ မလိုပါဘူး။ ဒါကြောင့် ရွေးကောက်ပွဲကျင်းပဖို့အတွက်ပဲ ပြောမိတယ်။ မြန်မာနိုင်ငံရဲ့ ရခိုင်ပြည်နယ်အတွင်း စင်္ကြန်လမ်းကြောင်းတစ်ခုအတွက် ကူညီပံ့ပိုးဖို့ ဆုံးဖြတ်ချက်မျိုးက ကြားဖြတ်အစိုးရက မပြုလုပ်သင့်ဘူး။ ကြားဖြတ်အစိုးရမှာ ဒီလိုလုပ်ဖို့ အခွင့်အာဏာလည်းမရှိဘူး” လို့ ပြောခဲ့ပါတယ်။
သူကဆက်ပြီးတော့ ကြားဖြတ်အစိုးရအနေနဲ့ Sajek နဲ့ Saint Martin စင်္ကြန်လမ်းကြောင်းတွေနဲ့ ပတ်သက်လို့ သူ့ရဲ့မူဝါဒကို ပြတ်ပြတ်သားသားရှင်းလင်းရမယ်လို့လည်း ပြောခဲ့ပါတယ်။
ကြားဖြတ်အစိုးရက မြန်မာနိုင်ငံအတွင်း ကုလသမဂ္ဂရဲ့ လူသားချင်းစာနာထောက်ပံ့မှုတွေကို ပို့ပေးနိုင်ဖို့ နှစ်နိုင်ငံနယ်စပ်ကိုဖြတ်ပြီး မြန်မာပိုင်နက် ရခိုင်ပြည်နယ်ထဲကို လမ်းကြောင်းဖောက်ဖို့ ကုလသမဂ္ဂရဲ့ တောင်းဆိုချက်ကို လိုက်လျောဆောင် ရွက်ဖို့ ဆုံးဖြတ်ထားတယ်ဆိုပါတယ်။ ဒါပေမယ့် ဒီဆုံးဖြတ်ချက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးပါတီတချို့က နှစ်နိုင်ငံကြားပြဿနာဖြစ်လာစေနိုင်တယ်လို့ ဝေဖန်နေကြပါတယ်။
ဒီအပတ်ထဲမှာပဲ အမေရိကန်စစ်ဖက်အရာရှိလေးဦးဟာ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ထဲကို ပို့ဖို့ ကုန်ပစ္စည်းတွေတင်ဆောင်လာမယ့် ကုန်တင်လေယာဉ်ကြီးရောက်ရှိလာမှုအတွက် ပြင်ဆင်ဆောင်ရွက်ထားတာတွေကိုစစ်ဆေးဖို့ ဒက်ကာမြို့ကို ရောက်လာခဲ့ကြတယ်ဆိုတဲ့သတင်းထွက်ပေါ်လာခဲ့ပါသေးတယ်။
Ref -Dhaka Tribune