
ပုံစာ။ ။ ပူတင်နှင့်အတူတွေ့ရသော အီဘရာဟင် ထရာအိုရေး
၁၆. ၅. ၂၀၂၅
Translated by Thettant
အယ်လ်ကိုင်ဒါနှင့် ဆက်နွှယ်သော အစွန်းရောက်အကြမ်းဖက် မွတ်စလင်မ် JNIM အဖွဲ့သည် ကြာသပတေးနေ့တွင် ဘာကီနာဖာဆိုနိုင်ငံမြောက်ပိုင်းရှိ စစ်စခန်းတစ်ခုကို တိုက်ခိုက်မှုတစ်ခုအတွက် တာဝန်ခံကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ထိုတိုက်ခိုက်မှုအတွင်း စစ်သား ၂၀၀ သေဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
ရိုက်တာသတင်းဌာန၏ လုံခြုံရေးသတင်းရင်းမြစ်များကို ကိုးကား၍ ဖော်ပြချက်အရ အဆိုပါတိုက်ခိုက်မှုသည် တနင်္ဂနွေနေ့တွင် ဂျီဘိုမြို့၌ ဖြစ်ပွားခဲ့ပြီး ရဲစခန်းနှင့် ဈေးတစ်ခုကိုလည်း ပစ်မှတ်ထားခဲ့သည်။ အစပိုင်းတွင် JNIM အဖွဲ့က စစ်သား ၆၀ သေဆုံးကြောင်း သတင်းထုတ်ပြန်ခဲ့သော်လည်း နောက်ပိုင်းထုတ်ပြန်ချက်တွင် သေဆုံးသူအရေအတွက်ကို တိုးမြှင့်ခဲ့သည်။
ဂျမာအာ နူဆရတ် အလ်-အစ္စလာမ် ဝါ အလ်-မူစလီမင် (Jama’a Nusrat ul-Islam wa al-Muslimin (JNIM)) အဖွဲ့သည် ဂျီဟတ်ဝါဒီများ၏ အွန်လိုင်းလှုပ်ရှားမှုများကို စောင့်ကြည့်နေသော အမေရိကန်အခြေစိုက် SITE Intelligence Group မှ ဖော်ပြသော တရားဝင်ကြေညာချက်တွင် ယင်းကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။
ရိုက်တာမှ ပြန်လည်သုံးသပ်ထားသော ဂြိုဟ်တုပုံရိပ်များအရ စစ်စခန်း၊ အနီးရှိ အကျဉ်းထောင်၊ ဆေးရုံနှင့် ဈေးတို့တွင် မီးလောင်ပျက်စီးမှုများစွာ ဖြစ်ပွားခဲ့သည်ကို တွေ့ရသည်။ သို့သော် ဘူကီနာဖာဆိုအစိုးရက မည်သည့် ထိခိုက်သေဆုံးမှုများကိုမျှ အတည်မပြုသေးသလို တရားဝင်ထုတ်ပြန်ချက်လည်း မရှိသေးပေ။
SITE Intelligence Group မှ ထုတ်ပြန်မှု အဆိုအရ လိုရမ်ပြည်နယ်တွင် လူအများအပြား သေဆုံးခဲ့သော တိုက်ခိုက်မှုတစ်ခုအပါအဝင် ဘာကီနာဖာဆိုတွင် မကြာသေးမီက ဖြစ်ပွားခဲ့သော အခြားတိုက်ခိုက်မှုများစွာအတွက်လည်း JNIM က တာဝန်ခံကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။
ဂျီဘိုစခန်းသည် ၂၀၂၂ ခုနှစ်တွင် စစ်သား ၁၀ ဦးသေဆုံးခဲ့သော တိုက်ခိုက်မှုတစ်ခုအပါအဝင် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခံခဲ့ရသည်။
ဘာကီနာဖာဆိုနိုင်ငံသည် ၂၀၂၂ ခုနှစ် ဇန်နဝါရီနှင့် စက်တင်ဘာတွင် ဖြစ်ပွားခဲ့သော စစ်တပ်အာဏာသိမ်းမှုနှစ်ကြိမ်ကြောင့် မတည်ငြိမ်မှုများစွာဖြစ်ပွားနေပြီး လက်ရှိကာလတွင် ISIS နှင့် Al-Qaeda အကြမ်းဖက်အဖွဲ့များ၏ တိုက်ခိုက်မှုကြုံနေရသလို နိုင်ငံ၏ တည်ငြိမ်မှုအတွက် ရုရှားနှင့် နီးစပ်သော အာဏာသိမ်းခေါင်းဆောင် အီဘရင်ဟင် ထရာအိုရေးက Wagner Group အကူအညီဖြင့် နိုင်ငံကို တည်ငြိမ်အောင် ကြိုးပမ်းနေသော်လည်း ဆန္ဒပြမှုများနှင့် အာဏာဖီဆန်ရေးလှုပ်ရှားမှုများပါ ဆက်လက်ကြုံတွေ့နေရသည်။
Ref , Xinhua
ပုံစာ။ ။ JNIM တိုက်ခိုက်မှုအခြေပြပုံရိပ်၊ ပူတင်နှင့်အတူတွေ့ရသော အီဘရာဟင် ထရာအိုရေးနှင့် ဘူကီနာဖာဆို စစ်သားများ။


