
၁၆. ၅. ၂၀၂၅
Translated by Thettant
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အလယ်ပိုင်းဒေသတွင်တည်ရှိပြီး မြို့တော်ဒါကာ၏ အနောက်တောင်ဘက် မိုင် ၁၀၀ ခန့်အကွာတွင် တည်ရှိသော ဂိုပါလ်ဂန်ဂ်မြို့မှ ဒါကာ-ခူလ်နာ အဝေးပြေးလမ်းမကြီးပေါ်ကြာသပတေးနေ့ညက ခရီးသည်တင်ဘတ်စ်ကားတစ်စီးနှင့် ကုန်တင်ကားတစ်စီးတို့ တိုက်မိရာမှ လူ ၃ ဦးသေဆုံးပြီး အနည်းဆုံး ၃၀ ဦး ဒဏ်ရာရရှိခဲ့သည်။
သေဆုံးသူများ၏ အမည်များကိုမူ ယခုအချိန်ထိ မသိရသေးဘဲ ရဲတပ်ဖွဲ့၏အဆိုအရ မွန်ဂလာမှ စစ်တကောင်းသို့ ဦးတည်မောင်းနှင်လာသော ဘိုလေရွှာ ပါရီဘာဟန် ခရီးသည်တင်ဘတ်စ်ကားသည် ကာရှီယာနီမြို့နယ် ဖူကရာဒေသအနီးတွင် ည ၉ နာရီခန့်အချိန်က အရှိန်ပြင်းစွာ မောင်းနှင်လာသော ဆန့်ကျင်ဘက်မှ ကုန်တင်ကားနှင့် တိုက်မိခဲ့ခြင်းဖြစ်သည်။
အဆိုပါ မတော်တဆမှုကြောင့် ကုန်တင်ကားမောင်းသူနှင့် အခြားလူ ၂ ဦးတို့သည် နေရာတွင်ပင် သေဆုံးခဲ့ပြီး ၃၀ ဦး ဒဏ်ရာရရှိခဲ့သည်။
ဒဏ်ရာရသူများအနက် ၁၈ ဦးကို ကုတင် (၂၅၀) ဆံ့ ဂိုပါလ်ဂန်ဂ် အထွေထွေဆေးရုံသို့ တင်ပို့ခဲ့ပြီး ကျန်သူများက ကာရှီယာနီမြို့နယ်ကျန်းမာရေးဌာနတွင် ဆေးကုသမှု ခံယူခဲ့သည်။
ကာရှီယာနီမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူ ခန်ဒကာ ဟာဖီဇူရ် ရာမန်က အဆိုပါ မတော်တဆမှုကြောင့် လူသွားလာများသော အဝေးပြေးလမ်းမကြီးတွင် နှစ်နာရီကြာ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံများက လမ်းရှင်းလင်းရေးနှင့် ယာဉ်သွားလာမှု ပြန်လည်ကောင်းမွန်စေရန် ဆောင်ရွက်ခဲ့သည်ဟု ပြောကြားခဲ့သည်။