
၁၆.၅.၂၀၂၅
Translated by Htwe Ko Tun
ယူကရိန်းသမ္မတ ဇယ်လန်စကီးက တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့မှာ ရုရှားနိုင်ငံနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ မေလ ၁၆ ရက်မှာ ပြုလုပ်သွားဖို့အတွက် ယူကရိန်းကိုယ်စားလှယ်အဖွဲ့ကို အစ္စတန်ဘူလ်သို့ စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။
ဇယ်လန်စကီးက မေလ ၁၅ ရက်မှာ သတင်းစာရှင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ရာမှာ ညှိနှိုင်းဆွေးနွေးပွဲကို သူကိုယ်တိုင်တက်ရောက်မှာမဟုတ်ဘဲ ယူကရိန်းကာကွယ်ရေးဝန်ကြီး ရပ်စတမ်ယူမီရော့ဗ် ခေါင်းဆောင်တဲ့အဖွဲ့တစ်ဖွဲ့ စေလွှတ်မယ်လို့ ပြောခဲ့ပါတယ်။
ယူကရိန်းကိုယ်စားလှယ်အဖွဲ့ဝင်တွေအနေနဲ့ ပထမဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆာဟီးကစ်လစ်စရာ၊ ယူကရိန်းလျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့(SBU)ဒုတိယအကြီးအကဲအိုလက်ဆန်ပေါ့လက်နဲ့ ယူကရိန်း စစ်ထောက်လှမ်းရေး ဒုတိယအကြီး အကဲ ဗာဒင်စကီဘစ်ဆကျီတို့ ပါဝင်ကြမယ်လို့ သိရပါတယ်။
ရုရှားကိုယ်စားလှယ်အဖွဲ့ကိုတော့ ရုရှားအစိုးရအဖွဲ့လက်ထောက် ဗလာဒီမာမီဒင်စကီးကခေါင်းဆောင်ပြီး အစ္စတန်ဘူလ်မြို့ကို မေလ ၁၅ ရက်မှာ ရောက်ရှိလာခဲ့ကြပါတယ်။
ယူကရိန်းသမ္မတ ဇယ်လန်စကီးကတော့ ညှိနှိုင်းဆွေးနွေးပွဲမှာ ယူကရိန်းဘက်က အဓိက ဦးစားပေးမှာက အပစ်အခတ်ရပ်စဲရေးပဲဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ရုရှားအစိုးရက ဒီအပတ်အတွင်းမှာပဲ ယူကရိန်းကို တူရကီမှာ တွေ့ဆုံညှိနှိုင်းဖို့ အဆိုပြုခဲ့ပြီးတဲ့နောက် ယူကရိန်း သမ္မတ ဇယ်လန်စကီးက ထိပ်တိုက်တွေ့ဆုံဆွေးနွေးရအောင် ဆွေးနွေးပွဲသို့ လာရောက်ဖို့ ရုရှားသမ္မတ ပူတင်ကို ဖိတ်ခဲ့တာပါ။ ဒါပေမယ့်ရုရှားသမ္မတက ဆွေးနွေးပွဲကိုတက်ရောက်ခြင်း မရှိခဲ့ပါဘူး။
Ref-Kyiv Independent