
၁၆. ၅. ၂၀၂၅
Written by Nyein Kyaw
မြန်မာ- ချုံချင့် စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီး နေပြည်တော်စက်မှုဇုန် တည်ထောင်မည့်အခြေအနေများအပါအဝင် စက်မှုဇုန်အတွင်း ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အရေးများ ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာမှ ယနေ့တွင် ထုတ်ပြန်ထားသည်။
မြန်မာ-ချုံချင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီးပွားရေးမိတ်ဆက်ဆွေးနွေးပွဲနှင့် မြန်မာ-ချုံချင့် စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို မေလ ၁၃ ရက်တွင် တရုတ်နိုင်ငံ၊ ချုံချင့်မြို့၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ ချုံချင့်မြူနီစီပယ်အစိုးရ စီးပွားရေးရာကော်မရှင် ညွှန်ကြားရေးမှူးချုပ် Mr. Zhang Yongwu နှင့် တာဝန်ရှိသူများ၊ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲဝင်များ၊ မြန်မာကောင်စစ်ဝန်ချုပ်၊ ချုံချင့်မြူနီစီပယ် အစိုးရတာဝန်ရှိသူများ၊ ချုံချင့်မြူနီစီပယ်အခြေစိုက် စီးပွားရေးလုပ်ငန်းရှင်များ၊ အသင်းအဖွဲများနှင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရေး စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ချုံချင့်မြူနီစီပယ်အကြား စီးပွားရေးနှင့် ကုန်သွယ်ရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ပိုမိုတိုးတက်စေရေး မြန်မာ-ချုံချင့် စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရနှင့် ချုံချင့်မြူနီစီပယ်အစိုးရ စီးပွားရေးရာကော်မရှင် ညွှန်ကြားရေးမှူးချုပ် Mr. Zhang Yongwu တို့က လက်မှတ်ရေးထိုးခဲ့ကြသည်။
ထို့ပြင် မြန်မာကိုယ်စားလှယ်အဖွဲများမှ မြန်မာနိုင်ငံ၏ စီးပွားရေးဆိုင်ရာ မူဝါဒများ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများ၊ နေပြည်တော် စက်မှုဇုန်တည်ထောင်မည့် အခြေအနေများ၊ စက်မှုဇုန်တွင် ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အရေးများအား တက်ရောက်လာကြသည့် စီးပွားရေးလုပ်ငန်းရှင်များကို မိတ်ဆက်ဆွေးနွေးခဲ့ကြောင်း သိရသည်။