
MT News
၇.၄.၂၀၂၅
မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည့် နေပြည်တော်ကောင်စီနယ်မြေအတွင်း လျှပ်စစ်မီးလိုင်းများ၊ ဆက်သွယ်ရေးစခန်းများ အလျင်အမြန် ပြင်ဆင်ပြီးစီးခဲ့သော်လည်း ရေပိုက်လိုင်းများ ချွတ်ယွင်းပျက်စီးမှုကြောင့် ပြင်ဆင်နေဆဲဖြစ်ရာ ရေပေးဝေရေးလုပ်ငန်းများ မလုပ်ကိုင်နိုင်သေးသည့်အတွက် အိမ်ရာများတွင် ရေအခက်အခဲများ ရှိနေရာ မီးသတ်ကားများကို အကူအညီတောင်းခံ၍ ရေရရှိရေး ဆောင်ရွက်ရသည်။
သို့ရာတွင် မီးသတ်ရေကားတစ်စီးလျှင် ငွေကျပ် တစ်သိန်းမှ တစ်သိန်းခွဲအထိ ပေးရကြောင်း လူမှုကွန်ရက်တွင် သတင်းများ ထွက်ပေါ်လာသည်။ ထို့အတွက် နေပြည်တော် မီးသတ်ဦးစီးဌာနရုံးချုပ်မှ ညွှန်ကြားရေးမှူးတစ်ဦးက “ကျွန်တော်တို့ဆီ ရေကား တောင်းခံလာတာနဲ့ ကျွန်တော်တို့က စနစ်တကျ မှတ်ပုံတင်ပြီး ရေကားစေလွှတ်ကူညီပေးပါတယ်။ လူတစ်ဦးချင်း တောင်းခံတာကို မှတ်ပုံတင်ထားတာ ရှိပါတယ်။ ငွေတောင်းခံတာ မရှိပါဘူး။ တကယ်လို့ တောင်းခံတယ်ဆိုရင် ကျွန်တော်တို့ဆီ တိုင်ကြားနိုင်ပါတယ်။ အခုအချိန်အထိ တိုင်ကြားခြင်း မရှိသေးပါဘူး။နေပြည်တော်မှာ ကျွန်တော်တို့ကားတွေနဲ့ တူတဲ့ အခြားသော ဌာနပိုင်ကားတွေလည်း ရှိပါတယ်။ အဲဒီကားတွေနဲ့ မှားပြီး ထင်ယောင်ထင်မှား ပြောတာလားလို့ တွေးမိပါတယ်။ အဲဒီကားတွေက ရေပေးဖို့သွားရင်း နားမလည်တော့ တစ်ခါတစ်ရံမှာ ဉဩဆွဲပြီးတောင် လမ်းတောင်းသွားလာနေတာ တွေ့ရလို့ တိုင်ကြားထားပါတယ်။ သူတို့အနေနဲ့လည်း တောင်းခံတယ်လို့ ကျွန်တော်တော့ မကြားမိပါဘူး။ တကယ်လို့ ကျွန်တော်တို့ မီးသတ်ဦးစီးဌာနပိုင် ရေကားတွေက ရေကားနဲ့ ရေပို့ပေးလို့ ငွေတောင်းခံတာတွေ့ရင် တိုင်ကြားနိုင်ပါတယ်လို့ ပြောလိုပါတယ်” ဟု ပြောကြားသည်။

အလားတူ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့ အပါအဝင် ငလျင်ဒဏ်ကြောင့် ရေအခက်အခဲဖြစ်ပေါ်ပါက မီးသတ်ဦးစီးဌာနများသို့ အကူအညီ တောင်းခံနိုင်ကြောင်း၊ မိမိတို့၏ အဓိကတာဝန်ဖြစ်သော မီးလောင်ပါက ငြှိမ်းသတ်ရန် အသင့်အနေအထားဖြင့် အသင့်စုဖွဲထားသော ကားများကို သီးခြားထားရှိပြီး ငလျင်ဒဏ် မသင့်သော တိုင်းဒေသကြီး / ပြည်နယ်များမှ ရေကားများကို တောင်းခံဖြန့်ခွဲပေးထားရာ အဆိုပါကားများဖြင့် ရေပေးဝေရေးလုပ်ငန်းများကို ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။