
၇. ၄. ၂၀၂၅
Written by Nyein Kyaw
မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစားပြိုင်ကွင်းအတွင်းရှိ အားကစားရုံအဆောက်အဦများအား နည်းပညာရှင်များဖြင့် စနစ်တကျစစ်ဆေး၍ ပြုပြင်ဆောင်ရွက်သွားရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ ညနေပိုင်းတွင် ဝဏ္ဏသိဒ္ဓိ အားကစားပြိုင်ကွင်းအတွင်းရှိ အဆောက်အဦးများ ပျက်စီးမှုများကို သွားရောက်စစ်ဆေးစဉ် ပြောကြားခဲ့သည်။
SAC ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်တွင် တည်ဆောက်ပြီးစီးခဲ့သည့် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းသို့ ရောက်ရှိကြပြီး ငလျင်ဘေးဒဏ်ကြောင့် ဘောလုံးကွင်းနှင့် ပြေးလမ်း ထိခိုက်ပျက်စီးခဲ့ရမှုများ၊ ပွဲကြည့်စင်နှင့် ဝင်ပေါက်များ ထိခိုက်ပျက်စီးခဲ့ရမှုများကို ကြည့်ရှု စစ်ဆေးရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် နှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများဖြစ်ပေါ်ခဲ့သည့် ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ကွင်းအတွင်းရှိ အားကစားရုံများနှင့် အားကစားကွင်းများအား ပြန်လည် ပြုပြင်မှုများဆောင်ရွက်ရာတွင် သက်ဆိုင်ရာအဖွဲ့များမှ နည်းပညာရှင်များဖြင့် စနစ်တကျစစ်ဆေး၍ ပြုပြင်ဆောင်ရွက်သွားရန်လိုကြောင်း၊ အားကစားပွဲများ ကျင်းပချိန်တွင် အားကစားသမားများနှင့် ပရိသတ်များ အများအပြားလာရောက်ကြမည်ဖြစ်သဖြင့် ကြံ့ခိုင်မှုကို အလေးပေးဆောင်ရွက်သွားရန်လိုကြောင်း၊ မီတာ ၄၀၀ ပြေးလမ်းနှင့် ပွဲကြည့်စင်များရှိထိုင်ခုံများကို စနစ်တကျဖြင့် ပြန်လည်ပြုပြင်ဆောင်ရွက်သွားရန်လိုကြောင်း SAC ဥက္ကဋ္ဌက မှာကြားခဲ့သည်။
ထို့နောက် ၂၀၁၃ ခုနှစ်၊ မေလ ၃၁ ရက်တွင် တည်ဆောက်ပြီးစီးခဲ့သည့် ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)နှင့်(B) အဆောက်အဦနှင့် ၂၀၁၃ ခုနှစ်၊ မေလ ၃၀ ရက်တွင် တည်ဆောက်ပြီးစီးခဲ့သည့် ဝဏ္ဏသိဒ္ဓိရေကူးကန်တို့သို့ သွားရောက်၍ ထိခိုက်ပျက်စီးခဲ့ရမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ယခုအားကစားရုံများအနေဖြင့် ထိခိုက်ပျက်စီးမှု အနည်းငယ်သာဖြစ် ပေါ်ခဲ့သော်လည်း Indoor Games များ ကျင်းပရာနေရာများဖြစ်သဖြင့် နည်းပညာရှင်များ ဖြင့် စနစ်တကျစစ်ဆေး၍ ကြံ့ခိုင်မှုအခြေအနေကို သိရှိနိုင်ရေးဆောင်ရွက်သွားရန်လို ကြောင်း၊ လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ရာတွင် အဆောက်အဦ ကြံ့ခိုင်မှုနှင့် ဘေးကင်းလုံခြုံမှုကို ဦးစားပေး၍ စနစ်တကျ ပြန်လည်ပြုပြင်ဆောင်ရွက်သွားရန် SAC ဥက္ကဋ္ဌက မှာကြားခဲ့သည်။