◾️ မတ်လ ၂၈ ရက်တွင် ပြင်းထန်စွာ လှုပ်ခတ်ခဲ့သည့် မြန်မာ့ငလျင်အား မှတ်တမ်းပြုစုခြင်း၊ သုတေသနပြုခြင်းများတွင် တစ်ပြေးညီဖြစ်စေရန် မန္တလေးငလျင်ကြီးဟု ရည်ညွှန်းခေါ်ဆိုရန် သတ်မှတ်

၇. ၄. ၂၀၂၅
Written by Nyein Kyaw
ယနေ့ ဧပြီ ၇ ရက်အထိ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၃၆၀၀ ဦးအထိရှိလာပြီး အသက်ရှင်လျက်ကယ်ဆယ်နိုင်သူ ၆၅၃ ဦးရှိကာ အမေရိကန်အပါအဝင် နိုင်ငံပေါင်း ၂၀ က လေယာဉ် ၉၄ ခေါက်ဖြင့် ထောက်ပံ့ကယ်ဆယ်ရေးပစ္စည်း တန်ချိန် ၂၁၂၀ ကျော်အထိ ထောက်ပံ့ခဲ့ကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ယနေ့ အထိ ငလျင်ဒဏ်ကြောင့် သေဆုံးသူစုစုပေါင်း ၃၆၀၀ ဦး၊ ဒဏ်ရာရရှိသူ ၅၀၁၇ ဦးအထိ ရှိလာခဲ့ပြီး သေဆုံးပျောက်ဆုံးခဲ့ရသူများအတွက် နိုင်ငံတော်အစိုးရအနေဖြင့် ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း၊ ကူညီကယ်ဆယ်ရေးအနေဖြင့် နိုင်ငံပေါင်း ၂၀ က လေယာဉ် ၉၄ ခေါက်၊ မော်တော်ယာဉ် ၆ စီး၊ သင်္ဘော၅ စီး ရောက်ရှိကူညီခဲ့ပြီး ကယ်ဆယ်ရေးဝန်ထမ်းပေါင်း ၁၇၃၈ ဦး လွှတ်ကာ ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်ပေးခဲ့သလို ထောက်ပံ့ရေးပစ္စည်း ၁၂၈၁ တန်ကျော်နှင့် ကယ်ဆယ်ရေးပစ္စည်း ၈၄၄ တန်ကျော် ရောက်ရှိပြီးဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“ကူညီကယ်ဆယ်မှုတွေအနေနဲ့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ ပြီးရင် Volunteer ခုနကပြောတဲ့ နိုင်ငံတကာက ကယ်ဆယ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး အသက်ရှင်လျက် အမျိုးသား ၃၃၈ ဦး၊ အမျိုးသမီး ၃၁၅ ဦး စုစုပေါင်း ၆၅၃ ဦး၊ Dead Body တွေ့ရှိမှုအနေနဲ့ အမျိုးသား ၃၄၀ ဦး၊ အမျိုးသမီး ၃၆၀ ဦး စုစုပေါင်း ၇၀၀ ဦးကူညီကယ်ဆယ်နိုင်ခဲ့ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
မြန်မာငလျင်ဘေးအတွက် ရုရှား တရုတ်၊ တရုတ်(ဟောင်ကောင်)၊ အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ ယူအေအီး၊ လာအို၊ ဘီလာရုစ်၊ အင်ဒိုနီးရှား၊ ဘူတန်၊ ဖိလစ်ပိုင်၊ ဂျပန်၊ နီပေါ၊ ပါကစ္စတန်၊ တူရကီ၊ အမေရိကန်၊ သီရိလင်္ကာ စသည့် နိုင်ငံ ၂၀ မှ ကူညီကယ်ဆယ်မှုများ၊ ထောက်ပံ့ပစ္စည်းပို့ဆောင်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း ပြင်းထန်စွာလှုပ်ခတ်ခဲ့သာငလျင်အား မှတ်တမ်းပြုစုခြင်း၊ သုတေသနပြုလုပ်ခြင်းများတွင် ရည်ညွှန်ခေါ်ဝေါမှုနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက “ကျွန်တော်တို့ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ နေ့လယ် ၁၂ နာရီ ၅၁ မိနစ် မြန်မာနိုင်ငံအတွင်းမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားရစ်ချ(စ်)တာစကေး ၇ ဒသမ ၇ ငလျင်ကြီးနဲ့ ပတ်သက်ပြီးတော့ မှတ်တမ်းပြုစုရာမှာ၊ နောက်တစ်ခုကတော့ ဖော်ပြချက်တွေဖော်ပြရာမှာ၊ ရည်ညွှန်းပြောဆိုရာမှာ တူညီလွယ်ကူစေရန်အတွက် မန္တလေးငလျင်ကြီးဟု သတ်မှတ်ခေါ်ဝေါ်သုံးစွဲသွားမှာဖြစ်ကြောင်း အသိပေးထုတ်ပြန်အပ်ပါတယ်။ မီဒီယာများအနေနဲ့ကလည်း ဒီငလျင်ကြီးကို ရည်ညွှန်းခေါ်ဝေါ်သုံးစွဲ သတင်းရေးသားရာမှာရော မန္တလေးငလျင်ကြီးလို့ ရေးသားပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်” ဟု ပြောကြားခဲ့သည်။