MT News

အာဆီယံနိုင်ငံများ ထုတ်လုပ်မှု PMI ညွှန်းကိန်း (Manufacturing Purchasing Manager’s Index – ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်းကိန်း) တွင် မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍမှာ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာမှ ၂၀၂၂ ဩဂုတ်အထိ ၁၁ လအတွင်း အမြန်ဆုံနှုန်းဖြင့် ကျဆင်းလာနေပြီး စက်ရုံများရရှိနေသည့် ကုန်အမှာများလည်း လေးလဆက်တိုက်ကျဆင်းလာနေသဖြင့် ပြည်တွင်း ကုန်ထုတ်လုပ်ရေးကဏ္ဍ အခြေအနေဆိုးရွားလာနေကြောင်း Nikkei ၏ ပံ့ပိုးမှုဖြင့်ပြုလုပ်သော HIS Markit စစ်တမ်းတွင် ဖော်ပြချက်အရ သိရသည်။

PMI ထုတ်လုပ်သူမန်နေဂျာ ၄၀၀ ခန့် ဖြေဆိုထားမှုများကို ဖော်ပြပေးမှုအရ မြန်မာနိုင်ငံ၏ ထုတ်လုပ်ရေး ကဏ္ဍသည် ဩဂုတ်လတွင် လေးလဆက်တိုက် ကျဆင်းလာခဲ့ပြီး ထုတ်လုပ်မှုနှင့် အော်ဒါမှာယူမှု ပမာဏများ ပိုမြန်ဆန်စွာ ကျဆင်းလာခဲ့မှုကြောင့် ထုတ်လုပ်မှု အခြေအနေများ ဆုတ်ယုတ်လာခဲ့သည်။ ပါဝင်ဖြေကြားသူတို့က ပစ္စည်းများနှင့် စွမ်းအင် ပြတ်လပ်မှုများက ထုတ်လုပ်မှုကို နောက်သို့ပြန်ဆွဲခဲ့ကြသည်ဟု ဆိုကြသည်။ ထို့ပြင် ဈေးနှုန်း ဖိအားပေးမှုများ ပြင်းထန်လာခဲ့သောကြောင့် ရောင်းဈေးများ တဟုန်ထိုး မြင့်တက်လာခဲ့ရာ ဈေးဝယ်သူများထံတွင် ဘဏ္ဍာရေး အခက်အခဲရှိလာခြင်းဖြင့် ဝယ်လိုအားအပေါ်  လေးလံစွာ သက်ရောက်ခဲ့သည်။

အဓိကအကျဆုံး S&P Global မြန်မာ ထုတ်လုပ်မှု အညွန်းကိန်း PMI – ထုတ်လုပ်ရေး စွမ်းဆောင်မှုကို ဖော်ပြပေးသော ပေါင်းစပ်ထားသည့် တစ်ခုတည်းသော အညွန်းကိန်းမှာ ယခင်လအတိုင်း မပြောင်းမလဲ ရှိနေခဲ့ပြီး သြဂုတ်လတွင် ၄၆.၅ တွင် မှတ်တမ်းတင်ခဲ့သည်။ နောက်ဆုံး အညွှန်းကိန်း ကဏ္ဍ၏အခြေအနေမှာ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှစပြီး ပူးတွဲအမြန်ဆုံး ဆုတ်ယုတ်လာမှုကို အချက်ပြနေသည်။

ထုတ်လုပ်မှု ပမာဏများ တဟုန်ထိုး ကျဆင်းလာမှုက PMI အပေါ်သို့ ဖိစီးခဲ့ပြီး ဩဂုတ်လဒေတာအရ ထုတ်လုပ်မှုမှာ ၁၁ လအတွင်း အမြန်ဆုံး ကျဆင်းမှုကို မှတ်တမ်းတင်ခဲ့သည်။ နောက်ဆုံး ကျဆင်းမှုမှာ ထုတ်လုပ်ရေး ကုမ္ပဏီများ ရရှိခဲ့သည့် အော်ဒါပမာဏများ ကျဆင်းလာမှုနှင့် ကျယ်ပြန့်စွာ ဆက်စပ်နေသည်။

ဝယ်လိုအား ထိုးကျသွားမှုအတွက် ဈေးနှုန်းများ မြင့်တက်လာမှုကို အပြစ်ဖို့ကြပြီး စက်ရုံများ ရခဲ့ကြသည့် အော်ဒါများသည်လည်း ဩဂုတ်လတွင် ဒသမဂဏန်းမျှ အရှိန်ရကျဆင်းလာခဲ့ရာ လက်ရှိ ဆက်တိုက် ကျဆင်းမှုအစဉ်ကို လေးလသို့ တိုးမြှင့်ပေးလိုက်ရသည်။ ထို့ပြင် ရာသီအလိုက် ညှိပေးထားသည့် သက်ဆိုင်ရာ အညွန်းကိန်းမှာ ဆယ်လအတွင်း အနိမ့်ဆုံးတွင် မှတ်တမ်းတင်လိုက်ခြင်းဖြင့် အော်ဒါမှာယူမှ ပမာဏများ တဟုန်ထိုးကျဆင်းသွားမှုကို အချက်ပြနေသည်။

“ဩဂုတ်လဒေတာက မြန်မာနိုင်ငံ ထုတ်လုပ်ရေးကဏ္ဍတစ်ဝှမ်းမှာ အခြေအနေများ အခိုင်အမာ ဆုတ်ယုတ်လာနေခြင်းကို ပြသနေပါတယ်။ စစ်တမ်းထဲ ပါဝင်ခဲ့ကြတဲ့ လုပ်ငန်းများကို လေ့လာကြည့်ရင် ငွေကြေးဖောင်းပွမှုနဲ့ ကုန်ကြမ်းပြတ်လပ်မှုက ထုတ်လုပ်မှုကို နောက်ပြန်ဆွဲနေခဲ့ကြတယ်။ နိုင်ငံရေး မရေရာမှုနဲ့ ကိုဗစ်က နိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းတွေအပေါ် လေးလံစွာ ဖိစီးနေကြတယ်ဆိုတော့ လာမဲ့လတွေအတွင်းမှာ ဒီအထဲက နောက်ဘက်သို့ ဆွဲနေကြတဲ့ အားတွေ အားပျော့သွားကြမယ် မထင်ရပါဘူး။ ဆက်ပြောချင်သေးတာက ကျပ်ငွေရဲ့ ငွေလဲနှုန်း ဆက်လက် ကျဆင်းလာနေပြီး ပစ္စည်းပေးသွင်းရေး ကွင်းဆက်များ ပြတ်တောက်မှု ရှိနေတဲ့အတွက် ဈေးနှုန်းတွေ ရှေ့ ဆက်ပြီး မြင့်တက်လာဖို့ များပါတယ်။ အဲဒါကြောင့် ဈေးဝယ်များဖက်မှ ဝယ်လိုအား ဆက်ကျဆင်းလာမယ်လို့ မျှော်မှန်းနိုင်ပြီး ၂၀၂၂ ခုနှစ်ရဲ့ ကျန်ရှိနေသေးတဲ့ လများအတွင်းမှာ စားသုံးမှုနှုန်းဟာ နိမ့်ကျလာဦးမှာပါ”ဟု S&P Global Market Intelligence မှ စီးပွားရေးပညာရှင် Maryam Balunch က ပြောသည်။

ထို့ပြင် ကုန်ထုတ်လုပ်ရေးကဏ္ဍနိမ့်ကျလာသည်နှင့်အမျှ ကုမ္ပဏီများ၏ ကုန်ကြမ်းသိုလှောင်မှုနှင့် ကုန်ချောထုတ်လုပ်မှုလက်ကျန်စာရင်းများကျဆင်းလာခဲ့ပြီး အော်ဒါများလျော့ကျလာမှုကြောင့် သိုလှောင်ကုန်များလည်း လျော့ကျလာနေသည်။ ပစ္စည်းပေးသွင်းမှုဆိုင်ရာ စိန်ခေါ်မှုများနှင့် ကုန်ကြမ်းရှားပါးနေမှု ကျပ်ငွေတန်ဖိုးကျဆင်းနေမှုများက သွင်းအားစုများစျေးနှုန်းဖောင်းပွမှုကို စစ်တမ်းသမိုင်းတစ်လျှောက် အမြန်ဆုံးဖြစ်စေခဲ့သည်။ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စျေးနှုန်းများမြင့်တက်လာနေသဖြင့် မြင့်တက်လာသည့် ကုန်ကျစရိတ်ဝန်ထုပ်ဝန်ပိုးများကို စားသုံးသူများအပေါ် လွှဲချခဲ့ပြီး စက်ရုံများ၏ ရောင်းစျေးများမှာလည်း ၂၁ လ ဆက်တိုက်မြင့်တက်ခဲ့သည်။ ကုန်ထုတ်လုပ်ရေးလုပ်ငန်းအများစုက ထုတ်လုပ်မှုပမာဏ ပြောင်းလဲမည်မဟုတ်သောကြောင့် အနာဂတ်မျှော်မှန်းချက်များ မှေးမှိန်လာနေပြီး စိတ်ချယုံကြည်မှုမှာလည်း အများစုတွင် အားနည်းနေသည်ဟု စစ်တမ်းတွင် ဖော်ပြထားသည်။

“EU နဲ့ အမေရိကန်ပိတ်ဆိုမှုတွေက SAC ရဲ့အုပ်ချုပ်မှုကို ဟန့်တားကြမှာဖြစ်တဲ့အတွက် အနာဂတ် မျှော်မှန်းချက်တွေ သိပ်ကို အားနည်းလှပြီး နိုင်ငံရဲ့ စီးပွားရေး အခြေခံ အဆောက်အအုံများအတွက် ကာလတို အခက်အခဲတွေကို ဖန်တီးပေးဦးမယ်လို့ ယူဆရပါတယ်” ဟု Maryam Balunch က ဆက်လက် ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *