MT News

Written by Nay Moe

ဖျာပုံနှင့် မအူပင်မြို့နယ်များတွင် အခြေပြုလျက် အပြစ်မဲ့ပြည်သူ ခုနစ်ဦးကို လုပ်ကြံသတ်ဖြတ်နေသည့် PDF အဖွဲ့နှစ်ဖွဲ့မှ အဖွဲ့ဝင် ၁၉ ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု SAC က နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် သတင်းထုတ်ပြန်ခဲ့သည်။

ပြည်သူခုနစ်ဦးကို ဒလန်ဟုစွပ်စွဲကာ လုပ်ကြံသတ်ဖြတ်ခဲ့သည့် PDF အဖွဲ့နှစ်ဖွဲ့မှာ Black Dragon Force Phapon-BDFP နှင့် မအူပင် PDF အဖွဲ့တို့ဖြစ်ပြီး ဖမ်းဆီးရမိတရားခံများမှာ BPFD အဖွဲ့မှ ဦးဆောင်သူစံလင်းစံနှင့် အဖွဲ့ဝင်များဖြစ်သော ကောင်းစည်သူ၊ အောင်မိုးမြင့်(ခ) အေးမင်းသူ(ခ) အေးမင်း၊ သိမ့်တြာလှိုင်၊ တီးတီး(ခ) ကိုကိုအောင်၊ ဟိန်းသူလွင်(ခ) သာကဒိုး၊ ဇော်မင်းသူ(ခ) မက်စီ(ခ) မျောက်ကြီး၊ ကျော်သူရ၊ ကျော်ဇောဦး၊ ဝင်းမြတ်သိန်းဇော်၊ ကျော်ဆန်းဦး၊ သူရဖြိုး(ခ) ဝတုတ်၊ ရဲဇော်ထက်(ခ) မောင်မောင်၊ ထွန်းထွန်းဦး(ခ) စနေတို့ ဖြစ်ပြီး မအူပင် PDF အဖွဲ့မှ ဖမ်းဆီးခံရသူများမှာ စိုင်းနောင်(ခ) လက်ယာ၊ မျိုးမင်းဦး၊ ဝေဖြိုးအောင်၊ သူရဦး၊ ငြိမ်းချမ်း တို့ဖြစ်ပြီး BPFD အဖွဲ့တွင် ဖမ်းဆီးရန်ကျန်နေသည့် တရားခံတစ်ဦးဖြစ်သော ဝဏ္ဏထွန်း(ခ) ရန်နိုင်နှင့် မအူပင် PDF အဖွဲ့တွင် ကိုလင်း(ခ)လက်ဝဲ၊ ဖိုးခင်၊ မွေထိုင်း၊ စိုင်းထက်အောင်၊ ဦးရာကြပ်၊ ငထက်၊ ဇော်ကြီး၊ ဟိုက်စံ၊ ထက်အိမ်မှုးတို့ အား ဖမ်းဆီးရန်ကျန်ရှိနေသည်ဟုလည်း SAC ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

BDFP နှင့် မအူပင် PDF တို့က ဒလန်ဟုစွပ်စွဲကာ သတ်ဖြတ်ခံခဲ့ရသူ ခုနစ်ဦးရှိပြီး အဆိုပါပြည်သူများမှာ ဖျာပုံမြို့ အမှတ် (၁၅) ရပ်ကွက် ၈ လမ်းနေ ဦးလူမင်း(ခ) ဘိုဌေး၊ မအူပင်မြို့၊ အမှတ် ၁၀ ရပ်ကွက်၊ အောက်မြေသာစည်လမ်းနေ ဦးစိန်ကုလား၊ မအူပင်မြို့နယ် ခွာလေးကျွန်းရွာနေ ဦးနိုင်ဦး၊ ဖျာပုံခရိုင် ဘိုကလေးမြို့နယ် ကျုံကျိုက်ကျေးရွာမှ ရစဖမှုး ဦးအေးကိုနှင့် ဇနီးဖြစ်သူ ဒေါ်အေးမွန်သင်း၊ ဖျာပုံမြို့နယ် ချောင်းတွင်းကျေးရွာအနီး KM စားသောက်ဆိုင်၌ လုပ်ကြံသတ်ဖြတ်ခံရသူ မနှင်းဝေခိုင်နှင့် မနိုးနိုးဝေ တို့ဖြစ်ပြီး အခြားတစ်ဦးမှာ မအူပင်မြို့နယ် မလက်တိုရဲစခန်းမှ ရဲဒုတပ်ကြပ် စောကြည်လွင်ဦးတို့ကို လုပ်ကြံသတ်ဖြတ်ခဲ့သည်ဟု သိရသည်။

DBFP နှင့် မအူပင် PDF တို့အနေဖြင့် ပြည်သူခုနစ်ဦးကို ဒလန်ဟုစွပ်စွဲကာ လုပ်ကြံသတ်ဖြတ်ခဲ့သည့်အပြင် ဖျာပုံမြို့ရှိ အခွန်ရုံးနှင့် ရစဖမှုးနေအိမ်အား လက်လုပ်မိုင်းဖြင့် ဖောက်ခွဲခြင်း၊ ဖျာပုံမြို့ အမှတ် (၁၆) ရပ်ကွက်ရှိ Mytel တာဝါတိုင်စက်ခန်းအား လက်လုပ်မိုင်းဖြင့် ဖောက်ခွဲခြင်း၊ ယာဥ်ထိန်းရဲကင်း၊ အမှတ် (၄) ရပ်ကွက်နှင့် အမှတ် (၁၆) ရပ်ကွက်ရှိ မြို့နယ်စီမံအုပ်ချုပ်ရေးရုံးများကို ဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်းနှင့် အမျိုးသမီးတစ်ဦးအပါအဝင် PDF အဖွဲ့ဝင် ၁၉ ဦးကို ဖမ်းဆီးရမိစဥ် ပစ္စတိုလေးလက်၊ ကျည်မျိုးစုံ ၁၉၈ တောင့်၊ ကျည်အိမ်နှစ်ခု၊ လက်ပစ်ဗုံးတစ်လုံး၊ လက်လုပ်မိုင်းနှစ်လုံးနှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများ၊ ဒလန်ဟုစွပ်စွဲကာသတ်ဖြတ်ခံရသည့် အမျိုးသမီးငယ်နှစ်ဦးအမည်ပါဝင်သော ကျောင်းသားကတ်၊ နိုင်ငံသားစိစစ်ရေးကတ်တစ်ခု၊ ဆွဲကြိုးတစ်ကုံး၊ ဟန်းချိန်းတစ်ခုတို့ကိုပါ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *