MT News

Written by Nay Moe

ပုဂံမြို့ဟောင်း သံဃာ့နာယကဥက္ကဋ္ဌဆရာတော်ဦးဥတ္တရနှင့် ညီတော် ဦးဝဏ္ဏသီရိ ဆရာတော်နှစ်ပါးမှာ ပုဂံမှ ဆိပ်ဖြူ-ပေါက်လမ်းအသွားတွင် ပျောက်ဆုံးနေပြီး PDF များ ဖမ်းဆီးခံထားရသည်ဟု သတင်းထွက်ပေါ်နေကြောင်း စက်တင်ဘာ ၄ ရက်တွင် သိရသည်။

အဆိုပါ ပုဂံမြို့ဟောင်းမှ ကျောင်းထိုင်ဆရာတော်နှစ်ပါးမှာ ဩဂုတ် ၂၉ ရက်နေ့က Honda CR-V ကားနှင့် မကွေးတိုင်းအတွင်း ချောက်တံတားကိုဖြတ်ကာ ဆိပ်ဖြူနှင့် ဆောလမ်းသို့ မောင်းသွားခဲ့ပြီး ထန်းပင်ချောင်းရွာအနီးမှ ဆိပ်ဖြူ-ပေါက် လမ်းခွဲသို့ထွက်ကာ ကျွန်းရင်းရွာသို့ သွားမည်ဟု နောက်ဆုံးသိရပြီးနောက် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆရာတော်နှစ်ပါးနှင့်အတူ Honda CR-V ယာဥ်ပါ ပျောက်ဆုံးနေပြီး ဆရာတော်နှစ်ပါးကိုင်ဆောင်သော ဖုန်းများကို ဆက်သွယ်ရာတွင်လည်း ဆက်သွယ်မရခဲ့ကြောင်းနှင့် ကျွန်းရင်းရွာသို့ ဆက်သွယ်သော်လည်း ဆရာတော်နှစ်ပါးမှာ ရွာသို့ရောက်လာခြင်းမရှိဘဲ ဆိပ်ဖြူ-ပေါက် လမ်းပေါ်တွင် ပျောက်ဆုံးနေကြောင်း သိရသည်။

“PDF တွေ ဖမ်းထားတယ်ကြားလို့ ဆရာတော်နှစ်ပါးရဲ့ အမျိုးတွေ လိုက်သွားပြီး ညှိကြတယ်ပြောတယ်။ ပိုစ့်စတင်တဲ့ ဆရာတော်ရဲ့ တူတော်သူကလည်း ဆရာတော်နှစ်ပါးကို PDF တွေဖမ်းသွားတယ်လို့ သတင်းထွက်လာတော့ ပိုစ့်ဖျက်သွားတယ်” ဟု ပုဂံဒေသခံတစ်ဦးက ဆိုသည်။

ဆရာတော်နှစ်ပါးပျောက်ဆုံးသွားကြောင်း ပို့စ် စတင်သည့် ဆရာတော်နှစ်ပါး၏ တူတော်စပ်သူဆိုသူအား ဆက်သွယ်မေးမြန်းရာ ဆရာတော်နှစ်ပါးပျောက်ဆုံးနေမှုအား အဆက်အသွယ်ရရှိကြောင်း၊ ဆရာတော်နှစ်ပါး၏ ဆွေမျိုးညီအကိုများ လိုက်ပါသွားကြောင်း၊ နိုင်ငံရေးနှင့်ပတ်သက်၍ မသိရှိကြောင်း ”အဆက်အသွယ်ရတဲ့ ဦးလေးကပြောတာတော့ အဲဒီလိုဖမ်းဆီးသွားတာမျိုးမဟုတ်ပါဘူး။ အခုတော့လူကြီးတွေလိုက်သွားကြပါတယ်။ ခရီးလွန်နေလို့ လူပျောက်ပုံစံမျိုးပါပဲ။ ပြန်တွေ့ရင်လည်း သတင်းပြန်တင်ပေးပါ့မယ်” ဟု ဆရာတော်နှစ်ပါး၏ တူတော်စပ်သူ ကိုထွန်းကိုဦးက စက်တင်ဘာ ၄ ရက်တွင် MT News သို့ ဖြေဆိုသည်။

ဖေဖော်ဝါရီ ၁ ရက် အာဏာထိန်းသိမ်းမှုဖြစ်စဥ်အပြီးတွင် ဆန္ဒပြဆူပူလှုပ်ရှားမှုများ၌ မပါဝင်ခြင်းနှင့် ဒလန်ဟုစွပ်စွဲခြင်း ခံရကာ လုပ်ကြံ သတ်ဖြတ်ခံထားရသော သံဃာတော်များမှာ ၅၂ ပါးအထိရှိလာပြီး သီလရှင်တစ်ပါးလည်း လုပ်ကြံသတ်ဖြတ်ခံထားရသည်။ ထိုသို့ လုပ်ကြံသတ်ဖြတ်မှုများကြောင့်ပင် သံဃာ ကိုးပါးဒဏ်ရာရရှိကာ ရှစ်ပါးပျောက်ဆုံးနေသည်။

“ရဟန်း သံဃာတွေ၊ သီလရှင်တွေ အစိုးရဝန်ထမ်းတွေ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူတွေ ကလေးသူငယ်အပါအဝင် အပြစ်မဲ့ အရပ်သား ၃၄၈၃ ဦး သေဆုံးခဲ့ပြီး ၃၀၆၅ ဦး ဒဏ်ရာရရှိခဲ့သလို ၄၁ ဦး ပျောက်ဆုံးနေပါတယ်။ အပြစ်မဲ့သူတွေအတွက် များစွာစိတ်မကောင်းဖြစ်ရသလို အကြမ်းဖက်မှုတွေကိုလည်း ထိရောက်စွာအရေးယူသွားပါမယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *