MT News

Written By Tha Doe

ရုရှားနိုင်ငံ ဗလာဒီဗိုစတော့မြို့၌ စက်တင်ဘာ ၅ ရက် မှ စက်တင်ဘာ ၈ ရက်အတွင်း ကျင်းပမည့် အရှေ့ဖျားစီးပွားရေးဖိုရမ် (Eastern Economic Forum) သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖိတ်ကြားထားပြီး ရုရှားသမ္မတဗလာဒီမာပူတင်နှင့်ပါ တွေ့ဆုံမည်ဖြစ်ကြောင်း ရုရှားသမ္မတသတင်းထုတ်ပြန်ရေးအဖွဲ့ ကရင်မလင် (Kremlin) ကြေညာချက်အပေါ် Tass သတင်းအေဂျင်စီက ရေးသားဖော်ပြထားသည်။

အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ ရုရှားသမ္မတနှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ အာမေးနီးယားနိုင်ငံဝန်ကြီးချုပ် Nikol Pashinyan၊ မွန်ဂိုလီးယားဝန်ကြီးချုပ် Luvsannamsrain Oyun-Erdene၊ တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌ Li Zhanshu တို့ တက်ရောက်မည်ဖြစ်ပြီး အိန္ဒိယဝန်ကြီးချုပ် နာရိန်ဒရာမိုဒီ၊ မလေးရှားဝန်ကြီးချုပ် Ismail Sabri Yaakob နှင့် ဗီယက်နမ်ဝန်ကြီးချုပ် Pham Minh Chinh တို့က Video Conferencing ဖြင့် နှုတ်ခွန်းဆက်စကားပြောကြားကြမည်ဖြစ်သည်။

SAC ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရုရှားသမ္မတဗလာဒီမာပူတင်တို့ ​စက်တင်ဘာ ၇ ရက်တွင် တွေ့ဆုံဖွယ်ရှိပြီး အဆိုပါ တွေ့ဆုံမှုအပေါ်” ၂၀၂၂ ခုနှစ် အရှေ့ဖျားစီးပွားရေးဖိုရမ် (EEF-2022) ကို ဖိတ်ကြားထားတဲ့ နိုင်ငံတကာက ခေါင်းဆောင်တွေနဲ့ သမ္မတပူတင်တို့ တွေ့ဆုံမှုက စက်တင်ဘာ ၇ ရက်နေ့ တစ်နေ့လုံးရှိနေမှာပါ။ ခေါင်းဆောင်တွေဟာ ဒေသတွင်းနဲ့ နှစ်နိုင်ငံကိစ္စရပ်တွေကို အမြင်ခြင်းဖလှယ်ကြမှာပါ” ဟု ကရင်မလင်ထုတ်ပြန်ချက်က ဆိုသည်။

၂၀၂၁ အာဏာထိန်းသိမ်းမှုဖြစ်စဥ်အပြီးတွင် ရုရှားနှင့် မြန်မာအကြား ဆက်ဆံရေးပိုမိုတိုးတက်လာပြီး မြန်မာနိုင်ငံအနေဖြင့် လက်နက်ဝယ်ယူမှုအပြင် စက်သုံးဆီတိုက်ရိုက်ဝယ်ယူမှုများ ရှိလာသကဲ့သို့ ကိုဗစ်ကာကွယ်ဆေးအတွက် ကူညီမှုများလည်း ရှိခဲ့သည်။ ထို့ပြင် ရုရှားဗဟိုဘဏ်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့အကြား ဘဏ်လုပ်ငန်းပူးပေါင်းဆောင်ရွက်ခြင်း၊ ရုရှား-မြန်မာ အဏုမြူစွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းများလည်း ပြုလုပ်နေကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံအစိုးရ၊ အရှေ့ဖျားစီးပွားရေးဖိုရမ်(EEF)၏ ဖိတ်ကြားချက်အရ ခုနှစ်ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (The 7th Eastern Economic Forum-2022) သို့ တက်ရောက်ရန် အတွက် စက်တင်ဘာ ၄ ရက် နံနက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI) မှ အထူးလေယာဉ်ဖြင့် နေပြည်တော် တပ်မတော်လေဆိပ်မှ ထွက်ခွာခဲ့သည်။ ထိုခရီးစဉ်အတွင်း ခုနှစ်ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်ခြင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ အထင်ကရနေရာများ၊ တက္ကသိုလ်များနှင့် စက်ရုံ၊ အလုပ်ရုံများသို့ လေ့လာသွားကြမည်ဖြစ်ကြောင်းနှင့် ခရီးစဉ်တွင် လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည်လည်း သက်ဆိုင်ရာ ကဏ္ဍများအလိုက် အလုပ်သဘောဆိုင်ရာ တွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေးနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက် ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *